ဘုံ၊ ဘ၀တွေဆိုတာ တစ်ကယ်ရှိရဲ့လား...?

(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ


၂၀၁၁-ခု၊ ၂-လပိုင်း၊ ၁၃-ရက်နေ့က စတင်ပြိးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဗုဒ္ဓဓမ္မ သင်တန်း လေး တစ်ခုဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းလေး ဖြစ်မြောက်လာဘို့ အဓိက ကျေးဇူးပြုတဲ့သူ တွေကတော့ ကိုလင်းနိုင်နဲ့ ဓမ္မမိတ်ဆွေ သငယ်ချင်းတစ်စုပါ။ ၁၃-ရက်နေ့ကတော့ သင်တန်းအစ နေ့ဆိုတော့ သင်တန်းသားသိပ်မများ လှပါဘူး။

သင်တန်းချိန်ကို သုံးနာရီမှာ နမော တဿ....” သုံးကြိမ်ရွတ်ဆိုပြီး တော့ သင်တန်းကို ဖွင့်လှစ် ခဲ့ပါတယ်။

အစဆုံး မိတ်ဆက်အနေနဲ့ သင်ဖြစ်ခဲ့တာ လေးတွေကတော့ သြကာသရှင်းတမ်းလေးပါ။ ဗုဒ္ဓဘာသာ အများစုဟာ မိရိုးဖလာ အနေအားဖြင့် သြကာသကန်တော့်ချိုးကို နှုတ်တိုက် အာဂုံရွတ်ဆို နေကြပေမယ့် ထိုသြကာသ ကန်တော့ချိုးရဲ့ အဓိပ္ပါယ်ကို သိသူကတော့ အလွန် နည်းပါးလှပါတယ်။ ဒီနေ့သင်တန်း တက် ကြတဲ့သူတွေကတော့ အများအားဖြင့် သြကာသရဲ့ အဓိပ္ပါယ်ကိုသိကြသူများပါတယ်။ ဒါပေမယ့် ထိုကန်တော့ ချိုးထဲမှာပါတဲ့ ကာယကံ() ပါး၊ ၀စီကံ ()ပါး၊ မနောကံ()ပါး စတဲ့ တရားတွေရဲ့ သရုပ်အဓိပ္ပါယ်ကိုတော့ မသိကြတာများပါတယ်။ ဒါကြောင့် သင်တန်းအစနေ့မှာ သြကာသရှင်းတမ်းကို စတင်သင်ဖြစ်ခဲ့တာပါ။ စာတွေသင်လိုက် သက်ဆိုင်ရာ ဇာတ်ကြောင်းလေး တွေပြောလိုက်နဲ့ ပဲ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်လွန်ခဲ့ပါတယ်။ လေးနာရီခွဲခန့်ရောက်တဲ့အခါ အခြာသင်တန်းတက် စရာရှိတဲ့ သင်တန်းသူတွေကို ငဲ့ကွက်၍ သင်တန်းဖြုတ်ပြီး မေးစရာရှိတာ မေးဘို့ကမ်းလှမ်းလိုက်ပါတယ်။ ထို့နောက် အကယ်၍ မရှင်းလင်းသည်များရှိရင် တယ်လီဖုန်း ဆက်၍ မေးမြန်းနိုင်ကြောင်းလည်း တံခါးဖွင့်ပေးခဲ့ပါတယ်။

အဲဒိနေ့ကစလို့ လေးရက်ကြာသွားတဲ့အထိ တယ်လီဖုန်း ဆက်ပြီးမေးမယ့်သူ တစ်ဦးမှပေါ် မလာခဲ့ပါဘူး။ ငါးရက်မြောက်တဲ့ ယနေ့ (၁၇..၂၀၁၁) မှာတော့ ထူးထူးခြား ခြား တယ်လီဖုန်းဆက်ပြီး မေးမယ့် ကျောင်းသားတစ်ယောက်ပေါ်လာပါတယ်။ သူ့နာမည်ကတော့ ကိုထွန်းအောင်ပါ။ ထူးထူး ခြားခြား သင်တန်းသူတွေများတဲ့အထဲမှာ သင်တန်းသားက သုံးယောက်ထဲပါတော့ အသေချာကို မှတ် မိနေပါတယ်။ (နှစ်ယောက်ကတော့ အကျိုးဆောင်တွေလေ)။ သူမေးတာလေးတွေက အများအတွက် အကျိုးရှိနိုင်သလို အများလည်း သိချင်နေကြမယ့် မေးခွန်း လေးတွေဖြစ်တာကြောင့် ကြိုးစားပြိး ဖြေပြ လိုက်ပါတယ်။

ဒီနေရာမှာတစ်ခု ပြောစရာရှိတာက မြတ်စွာဘုရားဟာ တစ်လောကလုံးက မေးလာတဲ့ မေးခွန်းမှန်သမျှကို မမောမပန်းဖြေကြား တော်မူပါ တယ်။ ဒါပေမယ့် မြတ်စွာဘုရားဟာ အကျိုးရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ မေးသမျှမေးခွန်းတွေကို အလိုအလျှောက် ဖြေကြားပေးနေတဲ့ အဖြေ ထုတ်စက်တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် လောကအတွက၊် သံသရာအတွက် အကျိုးမရှိတဲ့ မေးခွန်းမျိုး ဆိုရင် ပယ်ချတော်မူပါတယ်။ အဲဒိလို ပယ်ချခြင်းဟာ လည်း မြတ်ဗုဒ္ဓအလိုတော်အရ ဖြေဆိုခြင်း တစ်မျိုးပဲဖြစ်ပါတယ်။

ဒါကြောင့် ဘုရားသားတော်ဖြစ်တဲ့ သင်တန်းဆရာအနေနဲ့လည်း မြတ်စွာဘုရားထုံး နှလုံးမူပြီး ဖြေသင့်တဲ့ အဖြေ၊ ဖြေနိုင်တဲ့အဖြေဆိုရင် ကြိုးစားပြိး ဖြေဆိုပေးသွားမှာပါ။ ပိဋကတ် သုံးပုံဆောင် ရဟန်းတစ်ပါး မဟုတ်လေတော့ မဖြေနိုင်တဲ့ မေးခွန်းတွေလည်း များစွာရှိမှာပါပဲလေ။ (အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း လို့ဆိုထား တယ်မို့လား။) ကောင်းပြီ အဲဒိတော့ ကိုထွန်းအောင်ရဲ့ မေးခွန်းလေးတွေကို ဆွေးနွေးကြည့်ကြရအောင် သူမေးတဲ့မေးခွန်းတွေထဲက…..

နံပါတ်() အရှင်ဘုရား၊ သုံးဆယ့်တစ်ဘုံဆိုတာ တစ်ကယ်ရှိလားဘုရား။
(
) အနိစ္စ၊ ဒုက္ခ၊ အနတ္တ အကြောင်းလေးကို တပည့်တော်နားလည်အောင် ရှင်းပြပေးပါဘုရား။
(
) ပိဋကတ်သုံးပုံဆိုတာ ဘုရားဟောတဲ့စာတွေဆိုတာ တစ်ကယ်လားတဲ့။

ကဲ-စာဖတ်သူလည်း ဒီမေးခွန်းလေးတွေရဲ့ အဖြေလေးတွေကို သိချင်နေမယ်ထင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မေးခွန်းတစ်ခုစီကို ပို့စ်တစ်ခုစီနဲ့ ကြိုးစားပြီး ဖြေဆိုပေးသွားပါမယ့်။

အရင်ဆုံး နံပါတ် () မေးခွန်းကို စ ဆွေးနွေး ရအောင်၊ သိပ္ပံပညာ သိပ်တိုးတက်နေတဲ့ ခေတ်ကြိးမှာ လက်တွေ့မှ ယုံနိုင်မယ်ဆိုတဲ့ သူတွေရဲ့ ဒီမေးခွန်းဟာ ဗုဒ္ဓဘာသာ အပေါ်မှာ ယုံကြည်တဲ့သူတွေရော၊ မယုံကြည်တဲ့ သူတွေရော မေးလွန်းတဲ့၊ သိပ်ကိုခေတ်စားတဲ့ မေးခွန်း တစ်ခုပါ။ ဒီမေးခွန်းလေးနဲ့ပါတ်သက်လို့ တိုက်ရိုက်မဟုတ်ပေမယ့် ပါတ်သက်ဆက်နွယ်နေတဲ့ အဖြစ် အပျက်လေးတစ်ခုကို အရင်တင်ပြ ချင်ပါတယ်။ တစ်ခါက မြန်မာနိုင်ငံက အလွန် ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင် မင်းသားတစ်ယောက်က မင်းကွန်း တိပိဋကဆရာတော်ကြိးကို မေးခွန်းတစ်ခု သွားမေးပါတယ်။ သူမေးတဲ့ မေးခွန်းက သုံးဆယ့်တစ်ဘုံ ထက်မြင့်ပါတယ်။

သူမေးတာကအရှင်ဘုရား၊ နိဗ္ဗာန် ဆိုတာ တစ်ကယ်ရှိလားဆိုတော့ ဆရာတော် ကြိးက ရှိတာပေါ့လို့ဖြေတော်မူပါတယ်။ အဲဒိတော့ သူက ဆက်မေးပါတယ်။အဲဒါဆို အဲဒိ နိဗ္ဗာန်က ဘယ်မှာရှိတာလည်းဘုရား၊ တပည့်တော်လည်း မြင်ချင်လိုက်တာလို့ဆက်ပြီးစောဒကတက် မေးပါတယ်။ သူကတော့ ဘယ်လို စေတနာမျိုးနဲ့ မေးတယ်မသိဘူး။ ဘာပဲဖြစ်ဖြစ် ဆရာတော်ကြိး ဖြေလိုက် တဲ့အဖြေကတော့ အလွန်ကို တန်ဘိုးမဖြတ်နိုင်လောက်ကို ကောင်းလွန်းလှပါတယ်။ ဆရာတော်ကြိးဖြေကြား လိုက်ပုံလေးက

နိဗ္ဗာန်ကို မြင်ချင်တယ်ပြောရအောင် မြင်နိုင်လောက်တဲ့ ညဏ် (မြင်နိုင်လောက်တဲ့ အဆင့်) မင်းမှာ ဘယ်လောက်ရှိလို့လဲတဲ့။

ကောင်းလိုက်တဲ့အဖြေ၊ မေးခွန်းရဲ့ ပြဿနာဟာ ရှင်းသွားပါတယ်။ ဆရာတော်ကြီးက ဘာမှ ဆက်မမိန့်ပေမယ့်၊ ရှင်းရှင်း ပြောရရင်တော့ နိဗ္ဗာန်ကို မြင်ချင်ရင် မြင်နိုင်လောက်တဲ့ ညဏ် ရအောင်လုပ်လို့မိန့်တော်မူ လိုက်တာပါ။ နိဗ္ဗာန်ကို မြင်နိုင်လောက်တဲ့ ညဏ်ဆိုတာတော့ မဂ်ညဏ်၊ ဖိုလ်ညဏ် ပါပဲ။

ခု-ကိုထွန်းအောင် မေးတဲ့ မေးခွန်းဟာ ဒီသဘောတွေ အများကြိးပါနေပါတယ်။ မေးခွန်းရဲ့ ဆိုလိုရင်းက မမြင်ရတဲ့ ဘုံတွေကို မယုံချင်ဘူး။ မြင်ရတဲ့ လူ့ဘုံနဲ့၊ တိရစ္ဆာန်ဘုံ ဒါပဲ ယုံချင်တယ်ဆိုတဲ့ သဘောပါ။ ကောင်းပြီ မမြင်ရလို့ မယုံဘူးဆိုရင်၊ လောကမှာ မမြင်ရပဲ လက်ခံနေရတဲ့ အရာတွေ များစွာရှိတယ် ဆိုတော့ သိကြမှာပါ။ ဥပမာ- လူတွေရဲ့ စိတ်ကို ဘယ်လိုမှ မမြင်နိုင်ပါဘူး။ ဘယ်လို မှန်ဘီလူးနဲ့ကြည့်ကြည့် လူရဲ့ စိတ်ကို မြင်နိုင်တယ် ဆိုတဲ့ စက်မပေါ်သေးပါဘူး။ ဘယ်တော့မှလည်း ပေါ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဒိ စိတ်ရှိနေတာကို လက်မခံ တဲ့သူဆိုတာ လောကမှာမရှိဘူး။ ဒီစိတ်လေးဟာ မမြင်ရပေမယ့် သူ့ကြောင်ပဲ ကမ္ဘာကြီးမှာ စစ်တွေဖြစ် ပူလောင်ဒုက္ခတွေရောက်၊ ဒုတိယ ကမ္ဘာစစ်ကို စတင်ဖန်တီးတဲ့ အရာဟာလည်း အလွန်ပြင်းထန်တဲ့ဒေါသ ဆိုတဲ့ စိတ်ပါပဲ။ လောကကြိး အေးချမ်းသာယာပြိး ညီညွှတ်မျှတစွာနေနိုင်အောင် ဖန်တီးပေးတာဟာလည်း အဲဒိ စိတ်ပါပဲ။ မြတ်စွာဘုရားက စိတ္တေန နီယတေ လောကော လောကကြိးတစ်ခုလုံးကို စိတ်က (ဆောင်နေ တယ်)ဖန်တီးနေတယ်လို့ဟောတော်မူပါတယ်။ လူကောင်း၊ သူကောင်းဖြစ်စေတာလည်း ဒီစိတ်ပါပဲ၊ လူဆိုး ဖြစ်စေတာလည်း ဒီစိတ်ပါပဲ။ စိတ်ကလေးက ကြည်လင်တော့ ရုပ်အဆင်း အင်္ဂါလေး လှလို့။ ကြည်လင်လို့၊ ကြည့်ကောင်း၊ ရှုကောင်းလေးဖြစ်နေပါတယ်။ ဟော-စိတ်က ကြမ်းတမ်းပြီ ဆိုတော့ မျက်နှာက နီလာတယ်။ အသားတွေ တဆတ်ဆတ်တုန်လာတယ်။ အလွန် ပြင်းထန်လွန်းရင် မူးမေ့လဲသွားတာမျိုး လည်းဖြစ်တတ်ပါတယ်။ စိတ်ကြာင့် ရုပ်တွေပြောင်းနေတဲ့သဘောပါ။ ဒီရုပ်တွေရဲ့ ပြောင်းလည်းမှုကို ကြည့်ပြီးတော့ သူ-စိတ်ဆိုးနေ တယ်၊ သူ-စိတ်ကောင်းနေတယ်ဆိုတာသိနိုင်တာပါ။ အဲဒိဆိုးနေတဲ့၊ ကောင်းနေတဲ့ စိတ်ကို ဘယ်သူမှ မမြင်နိုင်ပါ ဘူး။ အတွင်းက ဖြစ်၊ ပျက်နေတဲ့စိတ်ကိုဘယ်သူမှ မမြင်နိုင်ပေမယ့်၊ မမြင်ရလို့ စိတ်မရှိဘူးလို့တော့ ဘယ်သူမှ မပြောရဲပါဘူး။

နောက်ဥပမာတွေ ပေးစရာများစွာရှိပေမယ့် ဒါလောက် ဆိုလုံလောက်ပါပြီ(ဥပမာနဲ့ ပါတ်သက်ပြိး မရှင်းသေးရင် သင်တန်းကျရင် ထပ်ရှင်းပါမယ်။) အဲဒိလို ရုပ်တွေရဲ့ အကောင်းအဆိုးကို ကြည့်ပြိး စိတ်ရှိတာကို သိနိုင်ရင်၊ လူတွေရဲ့ ကောင်းမှု၊ မကောင်းမှုကိုကြည့်ပြိး ကောင်းတဲ့ဘုံဌာန၊ မကောင်းတဲ့ ဘုံဌာနတွေလည်း ရှိကို ရှိရမယ်ဆိုတာ ညဏ်မျက်စိနဲ့ ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။ ကဲ-နောက်တစ်မျိုး လက်တွေ့ဆန်ဆန် ဆွေးနွေး လေ့လာကြည့်ရအောင်။ လောကမှာ သူတစ်ပါး အသက်သတ်ခြင်း၊ သူတစ်ပါး ဥစ္စာခိုးခြင်း စတဲ့ အမှုတွေကို လုပ်တဲ့ သူတွေရဲ့ အကျိုးရလာဒ်ဟာ မကောင်းပါဘူး။ အဲဒိသူတွေရဲ့ ရရှိမယ့် အကျိုးရလာဒ်အဖြစ် နေရာဟာ ထောင် စသည်ကျခြင်း။ သူများကို သတ်၍ ကိုယ် ပြန်အသတ် ခံရခြင်းစတဲ့ အကျိုးတွေဟာ မကောင်းမှုလုပ်တဲ့ သူတွေရဲ့ လားရာ အရပ်တွေပါ။ ကောင်းတာ လုပ်တဲ့သူတွေည်း ဒီလိုပါပဲ။ သူတို့လုပ်တဲ့ကောင်းမှုတွေကြောင့် လူချစ်လူခင်ပေါများခြင်း ၊ ကောင်းတဲ့ ဂုဏ်သတင်းကျော်စောခြင်း။ လူပုံအလယ်တင့်တယ်ခြင်းဆိုတာတွေဟာ သူတို့လုပ်တဲ့ကောင်းမှု တွေက ပေးအပ်တဲ့အကျိုးကျေးဇူးတွေပါ။ အဲဒိလိုပါပဲ။ လောကမှာ မကောင်းတာ လုပ်တဲ့ သူတွေရဲ့ မကောင်းမှုတွေဟာ လုပ်ချင်းတိုင်းလုပ် ဘာအကျိုးမှ မပေးဘူးဆိုရင် လောကမှာ လူကောင်းဆိုတာ ဘယ်ရှိတော့မလဲ။ ဒီအတိုင်းပဲ ကောင်းတဲ့အလုပ်တွေဟာလည်း ဒီတိုင်းအလဟဿ ဖြစ်သွား မယ်ဆိုရင် လူသား ချင်းစာနာစရာ၊ ကူညီစရာ၊ လှူဒါန်းစရာမလိုတော့ဘူးလေ။အကျိုးမှမရှိတာလုပ်စရာလည်းဘယ်လိုတော့မလဲ။
ဒါကြောင့် မကောင်းတဲ့ လုပ်ရပ်တွေဟာ မကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် အဲဒိမကောင်း တာကို လုပ်တဲ့သူတွေရဲ့ မကောင်းကျိုးကို ခံစားရမယ့်နေရာဟာလည်း ရှိကိုရှိရမှာပါပဲ။ ထို့အတူ ကောင်းတာ လုပ်တဲ့ သူတွေရဲ့ ရလာဒ် ဟာ ကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် အဲဒိကောင်းကျိုးကို ခံစားရမယ့် ဘုံဌာနဟာ ရှိကိုရှိရ မှာပါပဲ။ ဒါကြာင့် ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်း တာလုပ်ရင် မကောင်းကျိုးရမယ်လို့ ယုံကြည် တဲ့ အခြေခံအသိလေးရှိတယ်ဆိုရင် ဒီ-သုံးဆယ့်တစ်ဘုံ ပြဿနာဟာ အလိုလို ရှင်းသွားပါလိမ့်မယ်။ အဓိက အားဖြင့် ဒီပုစ္ဆာနဲ့ ပါတ်သက်ပြီးတော့ နောက်ဆုံးပြောချင်တာလေးကတော့ ဘုံဌာနတွေ ရှိတယ်၊မရှိဘူး ဆိုတာ ထက် ကောင်းတဲ့အလုပ်ကို လုပ်တယ်၊ မလုပ်ဘူးဆိုတာသာ အရေးကြိးတာပါ။ ဘုံဆိုတာတော့ ရှိသည်ဟု ယုံကြည်သည် ဖြစ်စေ။ မရှိဘူးလို့ ယုံကြည်သညစ်ဖြစ်စေ။ ဒီလမ်းကိုလျှောက်ရင်တော့ ဒီပန်းတိုင်ကိုရောက်မှာ အသေချာပါပဲ။ ဒါကြောင့် ကိုယ်နဲ့မမှီနိုင်တဲ့ ပုစ္ဆာတွေကို အချိန်ကုန်ခံစဥ်းစားနေမယ့် အစား တစ်ကယ့် လက်တွေ့ အကျိုးပေးမယ့် တရားတွေကိုပဲ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြပါလို့ တိုက်တွန်းရင်း သုံးဆယ့် တစ်ဘုံအမေးပြဿနာကို နိးဂုံချုပ်လိုက်ပါတယ်။

အားလုံးပဲ ဗုဒ္ဓဓမ္မနဲ့ ဘ၀ရဲ့

ငြိမ်းချမ်းရာကို ရှာဖွေနိုင်ကြပါစေ။

အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)

3 comments:

  1. ဘုန်းဘုန်း တပည့်တော် စာလာဖတ်သွားပါတယ်ဘုရား။တန်ဖိုးမဖြတ်နိုင်တဲ့စာစုလေးပါပဲ။
    ဘုန်းဘုန်း ဒီထက်မက တိုးတက်အောင်မြင်ပြီး သာသနာ့ဝန်ကိုလည်း ဒီထက်မက ထမ်းဆောင်နိုင်ပါစေဘုရား။
    ဘုန်းဘုန်း ပျော်ရွှင်ပါစေဘုရား

    ReplyDelete
  2. ကမ္ဘာကြီး ဘယ်ကစလဲ၊ ဘယ်သူဖန်ဆင်းလဲ ဆိုတာတွေ မေးသလိုပဲပေါ့လေ.. တပည့်တော်တော့ ရှင်းအောင် နေနိုင်အောင်ကြိုးစားပါတယ်ဘုရား. အိုးထဲက ထမင်းတောင် ထပြီး ခူးစားမှ ဗိုက်ပြည့်တာမို့.. ကံကိုသာလျှင် ယုံကြည်သလို။ ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်မယ်ကိုလဲ ယုံကြည်တယ်။ သံသရာကိုလည်း အကြွင်းမဲ့ယုံကြည်ပါသည်ဘုရား။ ဘယ်သူ့ကိုမှလည်း အကြွင်းမဲ့ မယုံတတ်ပါဘူးဘုရား။

    ReplyDelete
  3. မသိရသေးတာတွေအများကြီးသိရလို့ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete