မိုးလေးက တစ်ဖျောက်ဖျောက်နဲ့ တိတ်ဆိတ်တဲ့ အခန်းထဲ တစ်ပါးတည်းရှိနေခိုက်မှာ၊ အမှတ် တမဲ့ တွံတွေး သိန်းတန်ရဲ့ ကျေးလက်သီချင်းလေး ကြားလိုက်ရတော့ အမေ့ကို သတိယလိုက်တာ၊ (တွံတွေးသိန်းတန်သီချင်းတွေကို အမေသိပ်ကြိုက်တယ်လေ)၊ဟိုး...လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဆို၊ ဒီလို ချမ်းအေးတဲ့ မိုးတဖွဲဖွဲကျတဲ့ ညတွေမှာ မောင်နှမ သုံးယောက်သား၊ မိုးပေါက်မကျတဲ့ ခေါင်းရင်းဘက်ကိုတိုး၊ ဖျားကို အပေါ်ကို ပြန်လိပ်တင်ပြီး ဖျာလိပ်ထဲမှာ ဆက်အိပ်ကြတာပါပဲ၊ ဓနိမိုးထားတဲ့ အမေ့အိမ်လေးမှာ ဒီလိုမိုးတွေ တစ်ဖွဲဖွဲရွာပြီဆိုရင် ဟိုနေရာက မိုးယို၊ ဒီနေရာက မိုးယိုနဲ့၊ မိုးပေါက်တွေက နေရာမလပ် ကျလာတတ်ပါတယ်၊ အဲလို မိုးတွေ ယိုလာပြီဆိုရင်တော့ အမေ့မှာ အသင့်ကောက်ပြီး စုဆောင်းထားတဲ့ ၀ါးဘတ်လေးတွေနဲ့ မိုးပေါက်ကျရာနေရာတွေကို လိုက်ပြီး ဖာရ၊ ထေးရရှာတယ်လေ။
အမေ အဲလိုတစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူတို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ကွေးနေအောင် ဆက်အိပ်ကြတာပဲ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။ တစ်မိသားစုလုံးမှာပိုင်ဆိုင်တဲ့ တစ်လုံးထဲသော ပိတ်ခြင်ထောင်ကြိးမှာ အိပ်လို့ မရအောက်အောင် ကြမ်းပိုးတွေ ကိုက်လာတဲ့အခါလည်း သားသမီးတွေကို မနိုးစေပဲ၊ ကြမ်းပိုး သတ်ရတာလည်း အမေ၊ သား သမီးတွေ အအိပ်ကြမ်းလို့ ခြင်ထောင်ကြိုးတွေ ပြတ်တော့လည်း ထပြီး ချည်ရတာလဲအမေ၊ ကြောင်လေးတွေချမ်းလို့ ခြင်ထောင်ထဲ လာကွေးပြီးအိပ်တဲ့အခါ သားသမီးတွေ ဖိမိမှာစိုးလို့ နေရာ လိုက်ရွှေ့ရ တာလဲ အမေပါပဲလေ။
အမေက ဟင်းသီး၊ ဟင်းရွက်တွေပဲရောင်းဖူးပါတယ်။ သား၊ ငါးတွေ မရောင်းဖူးပါဘူး။ အမေက ခြင်လေးတွေ၊ ကြမ်းပိုးလေးတွေပဲ သတ်ဖူးတာပါ၊ သား၊ ငါးတွေ မသတ်ဖူးပါဘူး။ ဒါပေမယ့်ပေါ့လေ၊ မနှစ်က ရေမြေခြားကို ပြန်ခါနီးတော့ “သားလေး၊ အမေ ငါးရံ့ခြောက် လှမ်းထားလိုက်မယ်နော်” တဲ့၊ (သူ့သား ငါးရံ့ခြောက် ကြိုက်တာ အမေသိတာပေါ့) “အမေ၊ အရှင်တွေ မလုပ်နဲ့နော်”ဆိုတော့၊ “အင်းပါ၊ စိတ်ချ၊ အမေ ပံ့သကူရှာပြီး လုပ်ထားလိုက်မယ်”..။ ပြန်ခါနီးတော့ ငါးရံ့ခြောက်လေးတွေ လေယဉ်ပေါ် အနံ့မနံရအောင် အိတ်ကလေးတွေနဲ့ ထုတ်နေတုံး“အမေ အဲဒါတွေလုပ်တုံးက အရှင်တွေ ပါသေး လား”ဆိုတော့၊ သူ့သားပြန်ခါနီးလို့ စိတ်မကောင်း ဖြစ်နေတဲ့မျက်နှာလေး က ပြုံးရောင်သန်း သွား ပြီး“မပါပါဘူး သားရယ်”တဲ့လေ..။
အမေ့ကွယ်ရာရောက်မှ အစ်မက “အော်..ဦးဇင်းရယ်၊ ငါးရံ့ခြောက်ဆိုတာ အရှင်သတ်ပြီး တော့ကိုယ်တိုင် ဆားလူးပြီး လှမ်းမှကောင်းတာ၊ အမေက ဦးဇင်းအတွက်တမင်မှာပြီး လုပ်ထားတာ၊ ဦးဇင်းဆူမှာစိုးလို့ အရှင်မပါဘူးပြောတာ” အော်...အမေရယ်..။
တစ်ကယ်တော့လေ အမေဆိုတာ သားသမီးအတွက်ဆို မသွားရဲတဲ့လမ်းဆိုတာ မရှိသလို၊ မလုပ်ရဲတဲ့အလုပ်ဆိုတာလည်း မရှိပါဘူး၊ သားသမီး အမြင့်ရောက်ဘို့ သူ့ကျောကို အဆင်သင့် ခင်းပေးတတ်တာ အမေ၊ သားသမီး ကုသိုလ်ရဘို့ သူ့ဘ၀ကို အကုသိုလ်တွေနဲ့ ရင်းပေးတတ်တာ အမေ၊ အမေဟာလေ..သားသမီးအတွက်ဆိုရင်၊ ဆရာလိုလည်း လမ်းညွှန်တတ်သလို၊ တပည့်လို လည်း လိမ္မာပေးတတ်တယ်၊ သူရဲကောင်လိုလည်း အန္တရယ်တွေကို ကာဆီးပေးနိုင်တယ်။ အိုလေ ...အမေဆိုတာ... သားသမီးအတွက်၊ ဘယ်နေရာကမဆို နေပေးနိုင်ပါတယ်…။
“တော်ပြီ...နောင်…အမေ့ကို ငါးရံ့ခြောက်စားချင်တယ်လို့၊ ဘယ်တော့မှ မပြောတော့ဘူး.”
“မိဘ ကျေးဇူး အထူးသိတတ်ကြပါစေ”
အလင်းအိမ်(စေတနာပန်းခင်း)19.8.2011.