ကျေးလက် အလှတရား

စေတနာပန်းခင်း ယဉ်ကျေးမှု(၁၊ မဟာသာ)
လွန်ခဲ့သော သုံးနှစ်တာကာလ၊ အမေ့အိမ်လေးရဲ့ အနောက်ဘက်၊ ချောင်း ရေစပ် လေးနားက ရေမကျည်းပင်ရိပ်မှာ ဖျာစုတ် လေးတစ်ခုနဲ့ ရေမကျည်း ပင်ရွက် ကလေးတွေ ဖြန့်ခင်းလို့ ပက်ကြားအက်နေတဲ့ သာယာတဲ့ ကမ်းနဖူး လေးဟာ စာရေးသူရဲ့ “စေတနာပန်းခင်း” စတင်ခဲ့ရာ သင်တန်းကျောင်း လေးပဲ ဖြစ်ပါတယ်။ သင်တန်းသားတွေကတော့ နှပ်ချေးပေးထူကလေး ခြောက်ယောက်နဲ့ သူ့သားလုပ်သမျှကို အမြဲတမ်း ပရိတ်သတ်အဖြစ် အားပေး မြဲဖြစ်တဲ့ အမေ ပဲပေါ့။ ဒီ ကလေးတွေတောင် စာရေးသူက ၀ါသနာပါလွန်းလို့ အမေကိုယ်တိုင် လိုက်စုပေးထားတဲ့ “ပဲနှုတ်ပြန်” ကလေးတွေပါ။ အဲဒိကလေးတွေ ရေသောက်ဘို့လည်း အမေကပဲ ရေတုံကင်က ခပ်ပေးရပါတယ်။ သကြားလုံး လေးတွေနဲ့ မှတ်ထားမိသမျှ ပုံပြင်လေးတွေကတော့ စာရေးသူရဲ့ အကောင်းဆုံးကလေး ချော့တေး တွေပဲပေါ့။ စာရေးသူတို့ရွာလေးဟာ ချောင်းလေးတစ်ခုကို တစ်ဖက်တစ်ချက်စီ ကနေ အိမ်တန်း နှစ်တန်းစီ ခွဆောက်ပြီး ရွာ တည်ထားတဲ့ သာယာတဲ့ ရွာလေးတစ်ရွာပါ။

ဟင်္သာတ နဲ့ ဇလွန်ဆိုတဲ့ မြို့နှစ်ခုနဲ့ အလှမ်းဝေးနေခြင်းက စာရေးသူတို့ ရွာသူ၊ ရွာသား အများစုအတွက် အမြင် ကျဉ်းမြောင်းမှုကို ဖြစ်စေပြန်ပါတယ်။ ယဉ်ကျေးမှုကျောင်းတို့ စိတ်ဓါတ်မြှင့်တင်ရေးတို့ ဆိုတာက သူတို့အတွက် လက်တွေ့မကျပြန်ဘူးလေ။ ဒါကြောင့် ကလေးတွေကို နွေရာသီ ကျောင်းပိတ်ရက်မှာ ယဉ်ကျေးမှုသင်တန်းဆို တာထက် မိသားစု စားဝတ်နေရေးအတွက် ပဲနှုတ်ခိုင်းဘို့၊ ကောက်သင်းကောက်ခိုင်းဘို့လောက်သာ သူတို့ပိုပြီး စိတ်ဝင်စားကြပါတယ်၊ ဒါကြောင့် ကမ်းနဖူးလေးက ယဉ်ကျေးမှုသင်တန်းလေးကို ပဲနှုတ်ချိန်၊ ကောက်သင်း ကောက်ချိန်တွေလွတ်တဲ့ နေ့လည်းခင်းမှာပဲ စရပါတယ်။ အဲဒိအချိန်ကျပြန်တော့လည်း လက်လုပ်၊လက်စား ဘ၀တွေမှာ လူပိုဆိုတာ အိမ်မှာ မရှိပါဘူး။ သူတို့အလုပ်လုပ်ချိန်မှာ အိမ်က လူမမယ်ကလေးငယ်တွေ ထိန်းဘို့ အရွယ်ရောက် ကလေးတွေကို ယဉ်ကျေးမှုကျောင်းလွှတ်ပြီး အချိန်းဖြုန်းခံလို့ ဘယ်ဖြစ်ပါ့မလဲ။ သူတို့အတွက် က ခြစ်ကုတ်ပြီး အစိုးရအတန်းကျောင်းထားတယ်ဆိုတာတောင် အလွန်ကြိးလို့ ထင်မြင်ကြသူတွေပါ။ စာရေးသူက လူကြိးတွေကို စွဲဆောင်ဘို့မလွယ်သေးတော့ ကလေးတွေကပြီး စွဲဆောင်ရတာပေါ့။ အဲဒိတော့ စာရေးသူတို့ ယဉ်ကျေးမှု ကျောင်းလေးဟာ“နေ့ကလေးထိန်း” ကျောင်းလေးလည်း ဖြစ်နေပြန်ပါရော။ ချိုချဉ်တို့၊ ရာသီစာ ဖရဲသီးတို့ ဘုရားအကြောင်း ပုံပြင်တို့ဆိုတာတော့ သူတို့အတွက် အကောင်းဆုံး နေ့အာဟာရတွေပါ။ နောက် တော့လည်း “သားတို့ ဘုန်းဘုန်း၊ တို့ဘုန်းဘုန်း”ဖြစ်သွားတာပါပဲ။ အဲဒိအခြေနေကိုရောက်ဘို့ဆိုတာ တစ်ကယ် တော့ မလွယ်လှပါဘူး။ အချိန်တွေ၊ စေတနာတွေ၊ ထင်ရာကိုအားမနာတမ်းပြောတတ်ကြတဲ့ ကျေးလက်သား တို့ရဲ့ စကားပေါင်း များစွာကို သည်းခံရခြင်းတွေနဲ့ ရှိစုမဲ့စု ငွေကြေးလေးတွေလည်း စိုက်ထုတ်ရပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း စာရေးသူအတွက်တော့ ကိုယ့်ကလေးတွေ ပြုံးပျော်နေတာမြင်ရင် ပင်ပန်းသမျှ အားလုံးပျောက်သွားတာပါပဲ။ “တပြည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏” ဆိုတဲ့စကား စာရေးသူတော့ ကိုယ့်ကလေးတွေရလာမှ တစ်ကယ်လက်တွေ့ကြည်နှုးမှုနဲ့အတူ လက်ခံလာနိုင်ပါတယ်။ ဒီလိုနဲ့ အမေနဲ့ စာရေးသူ ကြိုးစားလာလိုက်တာ ဆယ့်လေးငါးရက်ကြာလာတော့ သင်တန်းသားကလေးတွေရဲ့ လိမ်မာ ယဉ်ကျေးလာမှု၊ ပြောလို့ဆိုလို့ ကောင်းလာမှုတွေကို လက်တွေ့ခံစားသိရှိလာတဲ့အတွက် အခြားမိဘတွေ ကလည်း သူတို့ ကလေး တွေကို ပို့လာကြပြန်ပါတယ်။ (ပြောမကောင်း၊ဆိုမကောင်းလို့ လာပို့တာလည်းပါမှာပါ) စေတနာပန်းခင်း အောင်မြင်မှုလေးစခဲ့ပြီပေါ့။ ဒါပေမယ့်“အဲဒိကလေးတစ်ယောက်စီမှာ အနည်းဆုံး နို့စို့ကလေး နှစ်ယောက်အထိ ထိန်းဘို့ ပါလာတတ်ကြတယ်လေ။(ကလေးထိန်းလည်း အောင်မြင်တယ်မို့လား)၊ “မေမေ ဗိုက်ဆာတယ်၊ အစ်ကိုကြိး အိမ်ပြန်ချင်တယ်”စတဲ့ အသံတွေကတော့ စာရေးသူ့ သင်တန်းကျောင်းရဲ့ နေ့စဉ် မညီးနိုင်တဲ့ နိစ္စဓူဝ သံစဉ်လေးတွေပါ။ နောက်တော့ နှပ်သုတ်ပေး၊ ချိုချဉ်ကျွေးနဲ့ ဘာမှ နားမလည်ပေမယ့် သူတို့ လေးတွေလည်း စာရေးသူ ရဲ့ ရေမကျည်းပင် သင်တန်းကျောင်းလေးမှာ ပျော်ရွှင်နေပါတော့တယ်။ တစ်ခါတစ်ရံ “ဘုန်းဘုန်း ဘုရားလောင်း ဆိုတာ ဘာကြိးလဲဟင်၊ ဝေသာလီပြည်ဆိုတာ သားတို့ရွာက ဘဲငန်းတွေနေတဲ့ နေရာကိုပြောတာလား”လို့ သူတို့ မေးတတ်ကြပြန်ပါတယ်။

စေတနာနဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ နောင်တစ်နှစ်သင်တန်းလေးဖွင့်တဲ့အခါမှာတော့ ရွာလည်က အမိုးလုံ ပေမယ့်၊ အကာမပြည့်စုံသေးတဲ့ ဓမ္မာရုံအသစ်လေးကို စာရေးသူအတွက် သင်တန်းကျောင်းလေးအဖြစ် ဓမ္မာရုံ အလှူရှင်များက စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြပါတယ်။ ကျောင်းသားများလာခြင်း၊ ချောင်း တစ်ဘက်ကမ်းရောက်ဘို့ ၀ါးတစ်လုံး တံတားကို မကူးတတ်ကူးတတ်နဲ့ ကူးရခြင်းတို့ကြောင့် အလွန်ကသိ က အောက်နိုင်လှပေမယ့် စာရေးသူကတော့ ဒါကို အခက်ခဲလို့ လုံးဝမထင်မိပါဘူး။ ၀ါးတစ်လုံးတံတားကနေ ခါး လောက်ရှိတဲ့ ရေထဲကို ပြုတ်ကျတာလည်းမကြာခဏပေါ့။ ချောင်းစပ်လေးက ရေမကျည်းပင်ရိပ်ကလေးကနေ ထန်းတောလေး နဲ့ အလွန်ပဏာရလှတဲ့ ဓမ္မာရုံအသစ်ကလေးဆီကို စေတနာပန်းခင်းရောက်ရှိသွားတဲ့ အချိန်က တော့ စေတနာပန်းခင်းသင်တန်းရဲ့ အောင်မြင်မှု ခရီးအစပဲပေါ့။ ဘယ်လိုအောင်မြင်မှုမဆို၊ စာရေးသူအတွက် တော့ အောင်မြင်မှုတိုင်းဟာ အမေနဲ့ တစ်နည်းမဟုတ်တနည်းတော့ ဆက်စပ်လို့နေတာပါပဲ။ အခုတော့ အမေရဲ့ သားအပေါ် ချစ်တဲ့မေတ္တာ၊စာရေးသူရဲ့ ၀ါသနာနဲ့ စေတနာ ကနေ စတင်ခဲ့တဲ့ စေတနာပန်ခင်း သင်တန်းလေး ဟာ သာသနာ့မြေမှာရော၊ လောကမြေမှာပါ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင် ခဲ့ပါပြီ။

“အမေ သက်တော်ရာကျော် ရှည်ပါစေ”
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)





3 comments:

  1. စေတနာပန်းခင်းလေး ထာဝရ မွှေးမြပါစေ
    စာရေးသူအမေ သက်တော်ရာကျော်ရှည်ပါစေ..

    ReplyDelete
  2. ဖတ်ရတာ ပီတိဖြစ်စရာပါဘုရား။ ဒါမျိုးမှ တကယ့်စေတနာ ပန်းခင်းပါပဲ။ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့နေရာမှာ စေတနာကို အရင်းခံပြီး လိမ္မာယဉ်ကျေးအောင် ကြိုးစားအားထုတ်ရတာ မလွယ်နိင်မှန်း ခန့်မှန်းလို့ရပါတယ်။ အချိန်တွေ စေတနာတွေ အများကြီးပေးပြီး ကြိုးပမ်းခဲ့တဲ့ ရလဒ်လေးက အသီးအပွင့်တွေ ဖူးပွင့်လာတော့ စာဖတ်သူတွေပါ ဝမ်းသာပီတိဖြစ်ရပါတယ်။
    အရှင်ဘုရားရဲ့ မယ်တော်လည်း ထိုစေတနာတွေပီတိတွေကြောင့် အသက်ရှည် ကျန်းမာမှာပါ။
    ရိုသေလေးစားလျက်ပါ ဘုရား။

    ReplyDelete
  3. အလင်းအိမ် (လာလည်ပါတယ်နော်။ စာတွေလည်းဖတ်သွားပါတယ်)
    နောက်လည်းလာလည်ပါ့မယ်။

    ReplyDelete