အတ္တဟိတသည် ပရဟိတအတွက် ငြမ်း၊ ပရဟိတသည် သံသရာ ခရီးမှာ ထောက်ရာတည်ရာ...

ဒီပို့စ်ကတော့ ရွှေဘုန်းရဲ့ဘ၀မှာ စေတနာပန်းခင်းလေး ဖြစ်ပေါ်လာပုံအကြောင်းအရာများကနေ စရ ပါလိ့မယ်.. .ရွှေဘုန်းရဲ့ ဘ၀ဟာ စေတနာပန်းခင်း အတွက်၊ စေတနာပန်းခင်းကတော့ လောကနဲ့ သာသနာ အတွက်ပါ...


လွန်ခဲ့တဲ့ (၇)နှစ်လောက်ကစပြီး သာသနာအတွက်၊ လောကအတွက် အလုပ်လေးတွေ ဖြည်းဖြည်း စပြိးလုပ်ဖြစ်ပါတယ်၊ အစ ကနဦးတုံးကတော့ စေတနာပန်းခင်းလို့ ခေါင်းစဉ်မတပ်ခဲ့ဘူး၊ နောက်တော့ အလုပ်လေးတွေ အောင်အောင်မြင်မြင် လုပ်နိုင်ဘို့ အဖွဲ့လေး ရှိမှဖြစ်မယ်၊ အဲဒိအဖွဲ့လေးကို ဘယ်လို နာမည်ပေးမလဲဆိုပြီး စဉ်းစားရပါတော့တယ်၊ တစ်ညလုံး စဉ်းစားတာ အဖြေမပေါ်ပါဘူး၊ ရချင်တော့လည်း ဆွမ်းခံထွက်ရင်းနဲ့ ဒီစေတနာပန်းခင်း ဆိုတဲ့ နာလည်လေးက ခေါင်းထဲမှာ လင်းခနဲဖြစ်သွားတာပါ၊ ဒီလိုလေး နဲ့ပဲ လွန်ခဲ့တဲ့ (၄) နှစ်ကစလို့ စေတနာပန်းခင်းလေး လောကအလယ်မှာ စတင်ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပါတော့တယ်၊  အဲဒိတုန်းကတော့ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေး၊ ဖြည်းဖြည်းပဲ သွားမယ်ပေါ့၊  ဒါပေမယ့် ခုကျတော့ ရွှေဘုန်းရဲ့ မျှော်မှန်းချက်ပြောင်းသွားပါတယ်၊ ပရဟိတ အလုပ်လေးတွေ လောဘတစ်ကြီး လုပ်မိတယ်၊ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပဲ အဓိကလုပ်ငန်းလေးတွေဟာ ခြောက်ခုအထိရှိသွားပါတယ်၊ ဒါကြောင့် တစ်ချို့က ပြောပါတယ်၊ လူက ငယ်တယ်၊ အလုပ်တွေက ကြီးနေတယ်၊ နိုင်ပါ့မလား၊ မနိုင်မနင်းတွေ ဖြစ်နေမယ်၊ စသည်ပေါ့၊


ရွှေဘုန်း မငယ်တော့ပါဘူး၊ ခုဆို ရွှေဘုန်းရဲ့ အသက်ဟာ (၃၀) ပြည့်ပါတော့မယ်၊ ဘ၀ပေးကြောင့် လူကောင်ညှက်နေတာပါ၊ အခြားအခြားသော စေတနာပန်းခင်း အကျိုးဆောင်များဟာလည်း ရွှေဘုန်းထက် ငယ်တဲ့သူ ရှားပါတယ်၊ စဉ်းစားကြည့်ပါ၊ ခု အသက် (၃၀) နောက် ဘယ်နှစ်နှစ် အထိ ရွှေဘုန်းတို့ လောက အတွက် အလုပ်လုပ်နေနိုင်မှာလဲ၊ သေတဲ့ အထိလား၊ ဒါတော့ မဖြစ်သေးဘူးထင်တယ်နော်၊ ရွှေဘုန်းတို့ သံသရာအတွက် မပြင်ဆင်တော့ဘူးလား၊ ရွှေဘုန်းတို့ရဲ့ နောက်ဆုံးပန်းတိုင် သန္တိသုခ အတွက် အချိန်ပေးရဦးမယ်လေ၊ ဒါကြောင့် ရွှေဘုန်းရဲ့ သဘောကတော့ ဆယ်နှစ် ဆယ့်ငါးနှစ် အတွင်း စေတနာပန်းခင်းဟာ  လောကအတွက်၊ သာသနာအတွက် အောင်အောင်မြင်မြင် ရပ်တည် သွားနိုင်ပြီဆိုရင် ရွှေဘုန်းတို့ လက်ဆင့်ကမ်းရတော့မှာပါ၊ အဲလို လက်ဆင့်ကမ်းပြီဆိုရင် လည်း အောင်အောင်မြင်မြင်ပဲ အသင့်လျှောက်လှမ်းနိုင်တဲ့ အခြေနေလေးနဲ့ လက်ဆင့်ကမ်းခဲ့ချင်ပါတယ်၊
အမွေဆက်ခံတဲ့ သူက အခက်ခဲတွေ တစ်ပုံတစ်ပင်ကြီးနဲ့ မအောင်မမြင်တဲ့ ပုံစံနဲ့တော့  ရော့ ..အင့်ဆိုပြီး မထားခဲ့ချင်ဘူးလေ.။


အဲဒါကြောင့် အလုပ်လေးတွေ အချိန်အကန့်အသတ် အနည်းငယ်အတွင်းမှာ အောင်အောင်မြင်မြင် အခြေကျနိုင်ဘို့ အလောတကြီး ကြိုးစာေးနတာပါ၊ ခုဆိုရင် အဓိက လုပ်ငန်းခြောက်ရပ်ဟာ ရွှေဘုန်းရဲ့ အသက်အရွယ်၊ စေတနာပန်းခင်းရဲ့ အတိုင်းအတာအရဆိုရင် အထိုက်အလျောက် အောင်မြင်တယ် လို့ ပြောနိုင်ပါတယ်၊ ဒီလိုဖြစ်စေဘို့လည်း ရွှေဘုန်း အချိန်တိုင်း စေတနာပန်းခင်းအတွက်ပဲ အဓိကထားပြီး စဉ်းစားတယ်၊ သွားတယ်၊ ကြည့်တယ်၊ ဒီစိတ်နဲ့ပဲ အိပ်တယ်၊ လိုချင်မျက်လုံးနဲ့ ရှာတယ် (အသိပညာ ကိုပြောတာနော်)၊ ကောင်းတာလေးတွေ တွေ့ရင် အင်း..စေတနာပန်းခင်းမှာ ဒီလိုလုပ်ရမယ်၊ စာကြည့်တိုက် ကောင်းကောင်း လေးတွေ တွေ့၇င် စေတနာပန်းခင်း စာကြည့်ကိုလည်း ဒီလိုဖြစ်အောင် ကြိုးစား၇မယ်၊ အရာရာအတွက် စေတနာပန်းခင်းမှာပဲ မြုပ်နှံထားခဲ့တယ်လေ၊၊ 


ဒါကြောင့်ပဲ စေတနာပန်းခင်းလေးဟာ လောကအလယ်မှာ လောကအတွက် သာသနာအတွက် စွမ်းရာနေရာက ပါဝင်ထမ်းရွက်ဘို့ အသင့်အနေထားထိ ရောက်လာခဲ့ပါတာပါ၊ ဒီလို အခြေနေရောက်လာဘို့ လွန်ခဲ့တဲ့ လေးနှစ်၊ ငါးနှစ်ကစလို့ ရွှေဘုန်းကို ယုံယုံကြည်ကြည်နဲ့ အနစ်နာခံ ကြိုးစားပေးခဲ့ကြတဲ့ ခမောက်စုက အကျိုးတော်ဆောင်များ၊ ယခုလက်ရှိအချိန်မှာ ရွှေဘုန်းရဲ့ အသက်အရွယ်ငယ်တာတွေ၊ ပညာရေး ကြီးကြီးကျယ်ကျယ် မဟုတ်တာတွေကို ဘေးချိတ်လို့ ယုံယုံကြည်ကြည် ရွှေဘုန်းရဲ့ လုပ်ငန်းလေးတွေမှာ ၀ိုင်းဝန်းကြိုးစားပေးကြတဲ့ အကျိုးဆောင်များ ထောက်ပံ့ လှူဒါန်းကြတဲ့ အလှူရှင်များ က အဓိက အခန်းက ပါဝင်ပါတယ်။

တစ်ကယ်တော့ ပရဟိတနဲ့ အတ္တဟိတဆိုတာ ခွဲခြားလို့ မရစကောင်းသော ပန်းတိုင်တူ အရာနှစ်ခု ပါ၊ နှစ်ခုပေါင်းမှ ပြီးပြည့်စုံတဲ့ ရထားသံလမ်း တစ်ခုလိုပါပဲ၊ ပရဟိတအတွက် ရွှေဘုန်းရဲ့ ဘ၀ကို မြှပ်နှံခဲ့ တယ်၊ ထိုပရဟိတကြောင့်ပဲ ရွှေဘုန်းတို့ ဘ၀ တင့်တင့် တယ်တယ် ဖြစ်ခဲ့တယ်၊ အဲဒိလို တင့်တယ်ခြင်းတွေ ကလည်း တစ်ဖန် ပရဟိတအတွက် ငြမ်းအဖြစ်ပြန်ပြီး ကျေးဇူးပြုပြန်တယ်၊ ဒါကြောင့် ဒီနှစ်မျိုးဟာ ဘယ်လိုမှ ခွဲခြားလို့ မရဘူးလို့ ဆိုတာပေါ့၊ ရွှေဘုန်းတို့ရဲ့ သုံးလောက ထွဋ်ထား မြတ်ဘုရားရဲ့ ဘ၀သံသရာကိုပဲ ကြည့်လိုက်ပါ၊ အလောင်းတော်ဟာ သူ့ဘ၀ကို လောကသားတွေရဲ့ အကျိုးအတွက် ချခင်းခဲ့တယ်၊ အဲဒိလို ပရဟိတအတွက် ချခင်းခဲ့တာကြောင့်ပဲ အလောင်းတော်ရဲ့ဘ၀ဟာ သံသရာမှာ ထောက်ရာ တည်ရာ ရခဲ့တယ်လေ၊ နောက်ဆုံးမှာတော့ အလိုချင်ဆုံး အနှိုင်းမဲ့ ချမ်းသာကြီးကို ရခဲ့တယ်မို့လား၊ အဲလို ရခဲ့ပြန်တော့လည်း ထိုချမ်းသာကြီးဟာ လောက အတွက်ပြန်ပြီး ကျေးဇူးပြုသွားပြန်ရော မဟုတ်လား...

တစ်ချို့က ပြောကြပါတယ်၊ ပရဟိတ အလုပ်လေးတွေ လုပ်ဘို့ပြောရင် မအားလို့ပါ၊ မအားလို့ ပါပေါ့... အပြစ်တင်တာ မဟုတ်ပါဘူး၊ လောကလူသားတွေဟာ သားရေး၊သမီးရေ..စီးပွါးရေး စတဲ့ အရေးပေါင်း များစွာနဲ့ အနေမနား ပြေးလွှားနေရတယ် ဆိုတာ ရွှေဘုန်း သိတာပေါ့၊ သို့ပေမယ့်ပေါ့လေ...မအားလို့ မလုပ်ဘူးဆိုတာ အဲဒိအလုပ်ဟာ ကိုယ့်ဘ၀အတွက် မဖြစ်မနေ လုပ်ရမယ့် အလုပ်မဟုတ်ဘူး၊ ဒီမှာ မရှိမဖြစ် လုပ်ရမယ့် အလုပ်တွေ လုပ်နေတယ်လို့ ဆိုလိုတဲ့ သဘောပါ၊ ပြောရရင်တော့ ပရဟိတကို ဘ၀ထဲမှာ မထည့်ထားနိုင်တဲ့ သဘော၊ တစ်ကယ်လို့သာ ပရဟိတအလုပ်သည်လည်း မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခုလို့ သတ်မှတ်ထားမယ်ဆိုရင်တော့ ကုသိုလ်ကောင်းမှုလေးတွေ သွားလုပ်ရအောင်ဆိုရင် မအားဘူးဆိုတဲ့ အချိန်လေးတွေ နည်းသွားတော့မှာပါ၊ အဲလို နည်းသွားမှလည်း ရွှေဘုန်းတို့ ဘ၀ဟာ ပရဟိတအတွက် ငြမ်းဖြစ်မယ်၊ ထိုပရဟိတကပဲ ကိုယ့်ရဲ့ သံသရာ ခရီးမှာ ထောက်ရာ တည်ရာဖြစ်လာ မယ်လေ....

ဒါကြောင့် မအားဘူး...မအားဘူး...ခဏခဏ မပြောနဲ့နော်....

မေတ္တာဖြင့် ရွှေဘုန်း....(30.6.2012)

သာသနာ့ အလံ (ဘာသာရေး ဗဟုသုတ)

'' အလံက ဇောက်ထိုးကြီး၊ ဇောက်ထိုးကြီး "

အသံကြားရာသို့ လှမ်းကြည့်လိုက်တော့ အသက်လေးဆယ် အရွယ် ဒကာတစ်ယောက်၊ မိမိတို့ လက်ထဲက သာသနာ့ အလံကို လက်ညှိုးထိုး ပြောနေကြောင်း သိတော့မှ လက်ထဲက အလံကို ငုံ့ကြည့်မိသည်၊ ဟုတ်ပေသားပဲ၊  ရေဗူးများ ကားပေါ်သို့ တင်နေသည်ကို ငေးလျှက် အမှုမဲ့ အမှတ်မဲ့ ၀ါးလုံးတိုင်မှာ အလံချည်တာ ပဘဿရ ရောင်ခြည်တော်မှ အပြာရောင်ကို အောက်ထား၍ ချည်မိကြောင်း သတိထား မိတော့တယ်၊ ထိုအခါမှာတော့ တပည့်ကျော်မလေးက   '' ဘုန်းဘုန်းကလည်း ရှက်စရာကြီး ဘုန်းကြီးက သာသနာ့အလံ ချည်တာ ပြောင်းပြန်ဖြစ်လို့ လူက ထောက်ပြတာခံရတယ်လို့ " ဆိုပြီး သူကပါ  သာသာနဲ့ နာနာ ၀င်နှက်တော့တာပဲ၊ အေးလေ ကိုယ်ကလည်း ပေါ့ဆမိတာကိုး ခံပေဦးတော့ ရွှေဘုန်းရေပေါ့။


ပထမအကြိမ် မုတ္တမပင်လယ်ကွေ့ ရေလှူခရီးစဉ်သွားတုန်းက  အဖြစ်အပျက်တစ်ခုပါ၊ ထို့နေ့ ကတည်းက အားတဲ့ အခါ သာသနာ့အလံ အကြောင်း မသိသေးသူများ သိရအောင် ရေးမယ်လို့ စိတ်ကူးထားတာပါ၊ ခုမှပဲ အားလို့ ရေးဖြစ်ပါတယ်တော့တယ်၊ မြတ်စွာဘုရား လက်ထက်တော် အခါကာလကတော့ သာသနာ့ အလံဆိုတာ မရှိခဲ့သကဲ့သို့ အထက်၊ အောက် အသုံးပြုပုံမှာလည်း သီရိလင်္ကာမှာ သာသနာ့အလံ တီထွင်ခဲ့ပြီးနောက်ပိုင်းမှ သတ်မှတ်ချက်များပင် ဖြစ်ပါတယ်၊ သာသနာ့ အလံတော်မှာ အရောင်ခြောက်မျိုး ပါရှိပါတယ်၊ မြတ်စွာရား၏ ရောင်ခြည်တော်ခြောက် သွယ်ကို ရည်မှန်းလို့ ပြုလုပ် တီထွင်ထားခြင်းပဲဖြစ်ပါတယ်... ထိုရောင်ခြည်တော် ခြောက်သွယ်မှာ...


၁. နီလ=အပြာရောင်
၂. ပီတ=အ၀ါရင့်ရောင်
၃. လောဟိတ=အနီရောင်
၎. သြဒါတ = အဖြူရောင်
၅. မဉ္ဖိတ္ထ   = ပန်းနုရောင်
၆. ပဘဿရ = အထက်ပါ ရောင်ခြည်တော် ငါးသွယ်မှ ရောပြွမ်းယှက်နွယ်၍ ပြိုးပြိုးပျက်ပျက်ထွက်သော ရောင်ခြည်တော်။


နောက်ဆုံး ရောင်ချည်တော်မှာ အထက်က ရောင်ခြည်တော်ငါးမျိုးက အရောင်ဟပ်၍ ဖြာထွက်သော ရောင်ခြည်တော် ဖြစ်သည်၊ သို့သော် ထိုပဘဿရ ရောင်ခြည်တော်အား အ၀တ်စဖြင့် ပုံဖော်ရာမှာတော့ အထက်က ရောင်ခြည်တော် ငါးမျိုးကိုပဲ သီးခြားအ၀တ်တစ်စစီ စပ်ပြီး ချုပ်ထားရလေသည်၊ ထို သာသနာ့ အလံအား အသုံးပြုချိတ်စွဲနည်းအားလည်း ပြဌာန်းထားပေသည်၊ အလံတော်အား အပြာရောင်ကို ချည်မည့် တန်းဘက်မှထား၍ ချိတ်စွဲရမည်၊ ထိုသို့ ချိတ်စွဲရာမှာလည်း နောက်ဆုံး ပဿရရောင်ချည်တော်တွင် အပြာရောင်က အထက်ဘက်က ချိတ်စွဲရမည်ဟု ပြဌာန်းထားပေသည်။


ထိုသာသနာ့ အလံအား ၁၈၈၅-ခုနှစ်က သီရီလင်္ကာနိုင်ငံတွင် တီထွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ထိုအလံတော်အား စတင်တီထွင်သူမှာ အချို့က အမေရိကန်နိုင်ငံသား Buddha (ဓ-အောက်ဆင့်မရ၍ပါ) ဘာသာဝင် ဗိုလ်မှူးဟောင်း မစ္စတာ ဟင်နရီ စတီး အော့လ်ကော့ ( Henry Steele Olcott ) ဟု ဆိုကြသည်၊ အချို့ကလည်း မစ္စတာ အော့လ်ကော့မှာ အလံတော် အရွယ်အစားအား အကြံပြုခဲ့သူသာဖြစ်၍ တစ်ကယ်တမ်း အလံတော်အား တီထွင်ခဲ့သူမှာ သီရိလင်္ကာနိုင်ငံသား  အရှင် စီပီဂုဏ၀ဍ္ဎန ( C.P Gune Wardene ) ဖြစ်သည်ဟု ဆိုကြသည်၊ ဒုတိယ အဆိုကို ပညာရှင် အများစုလက်ခံ ကြပေသည်။ မြန်မာနိုင်ငံတွင်တော့ ထိုသာသနာ့ အလံတော်ကို ဆဋ္ဌသံဂါယနာ တင်သော ၁၉၅၆-ခုနှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။

အလံတော် အရွယ်အစားများမှာ...

အကြီး = အလျား ၉ ပေ၊ အနံ ၅ ပေ။
အလတ် = အလျား ၄ပေ ၆ လက်မ၊ အနံ ၂ ပေ ၆ လက်မ။
အလတ် = အလျား ၂ ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မ။
အသေး = အလျား ၉ လက်မ၊ အနံ ၅ လက်မ----ဟု အစားစား သတ်မှတ်ထားပေသည်။


ကျမ်းကိုး။  ။ အရှင် စန္ဒောဘာသ (ရွှေဘို) သာသနာ့ အလံတော်။


ဘာသာရေး ဗဟုသုတ ပြည့်ဝကြပါစေ....


မေတ္တာဖြင့်...ရွှေဘုန်း (29.6.2012)

ထိုတစ်ချိန်....

တစ်ချိန်မှာ ... ဒို့တွဟာ...ဆံဖြူ၊ သွားကျိုး အိုခြင်းတရားရဲ့အောက် ဒူးထောက်ကြရမယ်...မေ့လို့မရ၊ ဖုံးဘို့ မလုံ၊ ကွယ်လို့ မရနိုင်တဲ့ ဇရာဆိုတဲ့ အမှန်တရားတစ်ခုကို မေ့ပျောက်လို့ ဘာလို့များ...တို့တွေ အတ္တမီးတွေ တောက်နေကြမလဲ.... ။

တစ်ချိန်မှာ... ဒို့တစ်တွေဟာ မည်သူမှ ဖေးကူလို့ မရ၊ တွေးယူလို့ မပေါ်၊ ရေတွက်သော်မှ မကုန်နိုင်တဲ့ နာခြင်းတရားရဲ့အောက် ဒူးထောက်ကြရမယ်၊ ကျော်လို့ မရ ၊ ရှောင်ဘို့ မလွယ်၊ ပြေးလို့ မလွတ်နိုင်တဲ့ ဗျာဓိဆိုတဲ့ တရားတွေ မေ့ပျောက်လို့ ဒို့တွေ ဘာကြောင့် အတ္တမီးတွေ တောက်နေကြမလဲ... တစ်ချိန်မှာ... ဒို့တွေဟာ...အရာရာချုပ်ငြိမ်းလို့ ဘ၀တံခါးကြီးပိတ်ရမယ့် သေခြင်းတရားရဲ့ အောက်မှာ ဒူးထောက်ကြရမယ်။

နေချင်လို့ မရ၊ တွယ်ချင်လို့ မပိုင်၊ ဆိုင်တယ်ထင်တာတွေ အကုန် ထားခဲ့ရမယ့် မရဏတရားကို မေ့ပျောက်လို့ ဒို့တွေ...ဘာကြောင့် အတ္တမီးတွေ တောက်နေကြမလဲ... တစ်ချိန်မှာ...အော်...အဲဒိတစ်ချိန်..မရောက်ခင်ထိ (သို့မဟုတ်) မရောက်သေးဘူးလို့ ထင်နေသရွေ့ထိတော့.... ။

မေတ္တာဖြင့်...ရွှေဘုန်း (26.6.2012, BKK)

ရွှေအိုရောင်သို့ တမ်းချင်း တစ်ပုဒ် (သို့) မွေးအမေသို့ လွမ်းမပြေ

ဘ၀မှာ အခက်ခဲတွေနဲ့ ပြည့်ကျပ်ပြီး...ထွက်ပေါက်တွေ ပျောက်ဆုံးသွားသလို... ခံစားရတဲ့ အခါတိုင်း...အားလုံးကို စွန့်ပစ်ထားခဲ့ပြီ...အမေ့ဘ၀ထဲမှာပဲ... ခဏဖြစ်ဖြစ် အနားယူပစ်လိုက်ချင်တယ်...အမေ...။

 အော်...အမေ့ဘ၀က လူမားကို မှေးစက်ပိုင်ခွင့်ပေးနိုင်လောက်တောင် မခိုင်မာတော့ဘူးနော်... အမေ့ဘ၀...အမေ့ရဲ့ စောင့်ရှောက်အောက်မှာ နေရတဲ့ ဘ၀ဟာ တိုတောင်းလွန်းပါတယ်..။

လူမားတို့ အားလုံးဟာ ဧည့်သည်တွေပါ အမေ...ဧည့်သည်ဆိုတာ အချိန်တန်ရင် နားခိုရာကို စွန့်ခွါပြီး...ကိုယ်စီကိုယ်စီ နှုတ်ဆက်လို့ ကိုယ့် ခရီးကိုယ် ဆက်ရမှာပဲနော်...။

အမေသိရဲ့လား...ငယ်ငယ်ကဆို အမေစိတ်ဆိုးတိုင်း “ နောင်ဘ၀ ဒီလို သားသမီးတွေနဲ့ ဘ၀ဆက်တိုင်း မဆုံပါရစေနဲ့...လို့ အခါခါ ပြောတတ်ပေမယ့် လူမားကတော့ အဲဒိ စကားတွေနဲ့ ဆန့်ကျင်ဘက်မှာပဲ ရင်ထဲက အမြဲရပ်တည်ခဲ့တာပါ..။

တစ်ချိန်ချိန်မှာ...“နှုတ်ဆက်ရမယ်”...သေချာတယ်ဆိုတာ သိနေပေမယ့်...ဒီလို အခြေနေမျိုးနဲ့တော့ လမ်းမခွဲပါစေနဲ့... ဒီလို ဇာတ်သိမ်းမျိုးနဲ့တော့ အဆုံး မသတ်ပါရစေနဲ့...အမေ...။

တစ်တိုင်းပြည်လုံး အဆိုးဝါးဆုံး အခြေမျိုးနဲ့ရင်ဆိုင်နေရချိန်မှာတောင် သားသမီးတွေ ဆန်ပြုတ်မသောက်ရအောင် ရုန်းကန်ခဲ့တဲ့...အမေ... အရာရာမှာ သားသမီးတွေအတွက် ကျွန်းသဖွယ် မှီခိုအားထားရာ အမြဲဖြစ်ခဲ့အမေ....

 အော်...အဲဒိ အမေပေါ့...အိပ်ယာထဲက လက်ဟန်ချေဟန်နဲ့ အတူ မပီကလာ မသဲမကွဲ အသံလေးနဲ့ “သားလေး ဆေးဖိုးထပ်ပေးဦးမှာလား” လို့...တောင်းဆိုသံကို ကြားလိုက်ရတဲ့ အခါ ရင်ထဲမှာ စစ်ခနဲနေအောင် နာကျင်ရတဲ့ အဖြစ်အမေ မသိနိုင်ပါစေနဲ့ လို့ပဲ...ဆုတောင်းမိပါတယ်...။

အမေ...ဖြစ်နိုင်ရင်လေ...အသွေး အသားတွေ အားလုံးကို အရည်ဖျော်လို့... အမေ့ရောဂါပျောက်ဆေး များ ဖော်လို့ ရမယ်ဆိုရင်လေ...အမေပေးခဲ့တဲ့...လူမားရဲ့ ခန္ဓာ တစ်စမကျန် လေမှာ လွင့်ပျော်သွားပါစေ...နှမြောတွန့်တိုစိတ် အလျဉ်းမရှိတာ...အမေ အသိဆုံးဖြစ်မှာပါ...။

ဘာပဲဖြစ်ဖြစ်ပေါ့...အမေရယ်...၂၉ နှစ် အရွယ် သားတစ်ယောက်ရဲ့ ဘ၀မှာ...အမေဟာ ပုံစံမျိုးစုံနဲ့ လိုအပ်နေသလို...အမေနဲ့ နေရတာ ...အမေ့ကို လွမ်းနေရတာ အားမရသေးဘူး...အမေ။

အမေနဲ့ တစ်နေရာထဲမှာ အတူနေရတဲ့ အချိန်တွေ နည်းခဲ့ပေမယ့် လောကကြီးမှာ အမေရှိတယ်ဆိုတဲ့ အသိကြောင့် လူမားဘ၀မှာ အရာရာ ရဲရင့်ခဲ့ပါတယ်..အမေ... ဒါကြောင့်ပဲ... အမေဟာ... ခွန်အားတစ်ရပ် အဖြစ်လူမားအတွက်...လောကအတွက်ရပ်တည်ပေးဘို့ တောင်းဆိုပါရစေတော့...အမေ...

.အော်...အမေရယ်...အမေ့ကို လွမ်းရင်း...အမေ့အကြောင်းတွေ ပြောရင်း အမေ့ကို တိုင်တည်ရင်းနဲ့...တစ်လောကလုံးလည်း အမြင်တွေ မှုန်မှုန်ဝါးဝါး...အရာရာဟာ မသဲကွဲခြင်းတွေ လွမ်းမိုးနေပါပြီကောလား...အမေရယ်...။ ရွှေဘုန်း (14.6.12)

“ဒေါသဖြင့် ချည်နှောင် ခံရခြင်း နှင့် မေတ္တာဖြင့် အေးချမ်းမှုကို ရှာဖွေခြင်း

လူသားတိုင်း စိတ်အခန့်မသင့်ဖြစ်မှုတွေ၊ စိတ်ဆိုး ဒေါသထွက်မှုတွေ၊ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေး အဖုအထစ်တွေ အားလုံးကြုံဖူးကြမှာပါ။ အဲလို အဖြစ်အပျက်တွေ ဖြစ်သွားပြီးရင် လူတွေရဲ့ ရင်ထဲမှာ ကျန်ခဲ့တတ်တာက ..ရန်ငြိုးဖွဲ့မှုဆိုတဲ့ စိတ်ဓါတ်မအေးချမ်းမှုပါပဲ၊ သူက ငါ့ကို ဒီလို ပြောတယ်၊ ငါတစ်ချိန်မှာသူ့ကို ဒီထက်ပြင်းပြင်းလေး ပြန်ဆော်လိုက်မယ်။ သူက ငါ့ကို ထိခိုက်အောင် လုပ်တယ်၊ ငါ အခွင့်ရေးရရင် သူ့ဘ၀ပျက်အောင် လုပ်ပစ်လိုက်မယ်...စတဲ့ ရလာဒ်တွေဟာ ရန်ငြိုးဖွဲ့မှုကနေ ပေါက်ဖွါးလာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ ရင့်ကျက်မှုတွေ အားနည်းသေးတဲ့ ပုထုဇဉ် တစ်ယောက်အနဲ့တော့ ဆက်ဆံရေး နယ်ပယ်မှာ ခိုက်ရန်ဖြစ်ပွါးမှုဆိုတာ ရှောင်ရခက်တဲ့ လူမှုရေး ပြဿနာတစ်ခုပါ။ အဲဒိပြဿနာနဲ့ နောက်ဆက်တွဲ ရန်းငြိုးထားမှုကတော့ သာလို့တောင် ဆိုးပါသေးတယ်၊ အကြောင်း အမျိုးကြောင့် လူတစ်ယောက်ကို မုန်းနေတယ်ဆိုတာ တစ်ကယ်တော့ ကိုယ်က သူ့ကို သူမသိပဲ အရှုံးပေးနေရတာပါ။ သူ့ကို မုန်းနေတဲ့စိတ်တွေဟာ သူ့ကို မပူလောင်စေဘဲ ကိုယ့်ကိုယ်ပဲ အရင်ပူလောင်စေပါတယ်၊ သူ့ကို မချည်နှောင်နိုင်ပဲ အချိန်တိုင်း သူ့အပေါ်ဖြစ်နေတဲ့ ကိုယ့်စိတ်ရဲ့ မငြိမ်းချမ်းနိုင်မှုတွေဟာ ကိုယ်ကို ကောင်းတဲ့ အရာတွေ မတွေးနိုင်အောင်၊ မလုပ်နိုင်အောင် ချည်နှောင်လိုက်ပါတော့တယ်။ လူတိုင်းဟာ “ငါကောင်းရက်နဲ့ ငါ့ကို ဒီလိုပြောတယ်၊ ဒီလိုလုပ်တယ်”လို့ပြောတတ်ကြပါတယ်။ ငါကောင်းတယ်ဆိုတာ “ငါက ထင်တာပါ” သူကတော့ “မကောင်းဘူး”လို့ ယူဆလို့ ဒီလိုလုပ်တာ၊ဒီလိုပြောတာပါ၊ ကောင်းပါပြီ ငါကောင်းတယ်ဆိုရင် ငါကဘယ်လောက်ကောင်းလို့ လဲဆိုတာ ပြန်ပြီးတွက်စစ်ကြည့်ရပါမယ်။ ဘယ်သူတွေ အတွက်ကောင်းနေတာလဲ ဆိုတာလည်း ထည့်မတွက်လို့ မရပါဘူး။ ကိုယ်က ကိုယ်ကောင်းတယ်လို့ ကိုယ်ထင်နိုင်သလို၊ သူကလည်း သူကောင်းတယ်လို့ ထင်နေတာကိုလည်း ထည့်တွက်ရပါမယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ “ငါကောင်းခြင်းရဲ့” အတ္တနယ်ပယ်ကနေ မထွက်နိုင်တဲ့ အတွက် ဘယ်တော့မှ စိတ်ရဲ့ အေးချမ်းမှုကို ရနိုင်မှာ မဟုတ်တော့ပါဘူး။ လောကမှာ ဘုရားလောက်ကောင်းတာ ဘယ်ရှိပါ့မလဲ၊ ဒါပေမယ့် အက္ကောသ ဘာရဒွါဇရဲ့ အဆဲကို ခံ၇တယ်။ ဒေ၀ဒတ်ရဲ့ သုံးကြိမ်လုပ်ကြံမှုနဲ့ ကြုံရတယ်။ ဒီနေရာမှာ မှတ်သားစရာကောင်းတာက ကိုယ်နဲ့ပါတ်သက်တဲ့ လောကဓံကိုတော့ လူတိုင်း ရှောင်လွှဲလို့ မရပါဘူး။ ရှောင်ဘို့လည်း မကြိုးစားပါနဲ့၊ ဘုရားတောင် မလွတ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်မှာ ဖြစ်တဲ့ လောကဓံကိုတော့ အတတ်နိုင်ဆုံး ရင့်ကျက်မှုနဲ့ ရှောင်ရှားနိုင်ပါတယ်။ ကြည့်ပါ၊ ဒေ၀ဒတ် ဘယ်လောက် ကောက်ကောက် မြတ်စွာဘုရား ဖြောင့်ထားတဲ့ အတွက် ဒေ၀ဒတ်နဲ့ မြတ်စွာဘုရားဟာ ဘယ်တော့မှ မချိတ်မိပါဘူး။ ဒေ၀ဒတ်ကသာ တစ်ဘက်သတ်ချိတ်နေ တာပါ။ နောက်ဆုံးတော့ ဖြောင့်ထားတဲ့ သူက ဘာမှ မဖြစ်ပဲ ကောက်နေတဲ့ ချိတ်ကသာ ကျိုးခဲ့ရပါတယ်။ “လူ့လောကမှာ နေရတယ်ဆိုတာ အဝေးပြေးကားကြီး စီးပြီး ခရီးသွားရသလိုပါပဲ၊ အချိန်တွေဟာ မြင်ကွင်းထဲက သစ်ပင်လေးတွေလို တစ်ရိပ်ရိပ်နဲ့ ကုန်ဆုံးနေတာပါ၊ အဲဒိခဏလေးသော အချိန်များဟာ ပူပူလောင်လောင်နဲ့ ပဲကုန်ဆုံးနေတယ်ဆိုရင် လူဖြစ်ရကျိုးမနပ်သေးပါဘူး၊ တစ်ခုခု လွဲနေပါပြီ၊ ပြင်ရတော့မှာပါ“ နိဂုံးချုပ်မှာချင်တာကတော့ “ငါကောင်းတယ်၊ ငါမှန်တယ်လို့ ထင်နေသလို၊ သူလည်း သူကောင်းတယ်၊ သူမှန်တယ်” လို့ ယုံကြည်ထားမယ်ဆိုတာ သတိရှိပါစေ၊ ဒေါသတွေ ၊ ရန်ငြိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့၊ ချည်နှောင်မထားပါနဲ့၊ ခဏတာလေးသာ နေရတဲ့ လူ့ဘ၀ကို အေးချမ်းမှုတွေနဲ့ လွတ်လပ်ခွင့်လေးသာ ပေးလိုက်ပါ လို့ အလင်းအိမ်ရဲ့ ဒကာ၊ ဒကာမများကို အသိပေးနှိုးဆော်လိုက်ပါရစေ.... မှတ်ချက် ။ ။ အေးချမ်းမှုတွေ၊ အမှန်တရားတွေဟာ တွေးတောနေရုံနဲ့ အစစ်အမှန်ကို မရနိုင်၊ လက်တွေကျင့်ကြံအားထုတ်မှုဖြင့်သာ အစစ်အမှန်အေးချမ်းမှုကို ရရှိနိုင်ပါသည်။ မေတ္တာဖြင့် အလင်းအိမ် ဘုန်းဘုန်း(စေတနာပန်းခင်း)19.12.2011