ရွှေအိုရောင်သို့ တမ်းချင်း တစ်ပုဒ် (သို့) မွေးအမေသို့ လွမ်းမပြေ

ဘ၀မှာ အခက်ခဲတွေနဲ့ ပြည့်ကျပ်ပြီး...ထွက်ပေါက်တွေ ပျောက်ဆုံးသွားသလို... ခံစားရတဲ့ အခါတိုင်း...အားလုံးကို စွန့်ပစ်ထားခဲ့ပြီ...အမေ့ဘ၀ထဲမှာပဲ... ခဏဖြစ်ဖြစ် အနားယူပစ်လိုက်ချင်တယ်...အမေ...။

 အော်...အမေ့ဘ၀က လူမားကို မှေးစက်ပိုင်ခွင့်ပေးနိုင်လောက်တောင် မခိုင်မာတော့ဘူးနော်... အမေ့ဘ၀...အမေ့ရဲ့ စောင့်ရှောက်အောက်မှာ နေရတဲ့ ဘ၀ဟာ တိုတောင်းလွန်းပါတယ်..။

လူမားတို့ အားလုံးဟာ ဧည့်သည်တွေပါ အမေ...ဧည့်သည်ဆိုတာ အချိန်တန်ရင် နားခိုရာကို စွန့်ခွါပြီး...ကိုယ်စီကိုယ်စီ နှုတ်ဆက်လို့ ကိုယ့် ခရီးကိုယ် ဆက်ရမှာပဲနော်...။

အမေသိရဲ့လား...ငယ်ငယ်ကဆို အမေစိတ်ဆိုးတိုင်း “ နောင်ဘ၀ ဒီလို သားသမီးတွေနဲ့ ဘ၀ဆက်တိုင်း မဆုံပါရစေနဲ့...လို့ အခါခါ ပြောတတ်ပေမယ့် လူမားကတော့ အဲဒိ စကားတွေနဲ့ ဆန့်ကျင်ဘက်မှာပဲ ရင်ထဲက အမြဲရပ်တည်ခဲ့တာပါ..။

တစ်ချိန်ချိန်မှာ...“နှုတ်ဆက်ရမယ်”...သေချာတယ်ဆိုတာ သိနေပေမယ့်...ဒီလို အခြေနေမျိုးနဲ့တော့ လမ်းမခွဲပါစေနဲ့... ဒီလို ဇာတ်သိမ်းမျိုးနဲ့တော့ အဆုံး မသတ်ပါရစေနဲ့...အမေ...။

တစ်တိုင်းပြည်လုံး အဆိုးဝါးဆုံး အခြေမျိုးနဲ့ရင်ဆိုင်နေရချိန်မှာတောင် သားသမီးတွေ ဆန်ပြုတ်မသောက်ရအောင် ရုန်းကန်ခဲ့တဲ့...အမေ... အရာရာမှာ သားသမီးတွေအတွက် ကျွန်းသဖွယ် မှီခိုအားထားရာ အမြဲဖြစ်ခဲ့အမေ....

 အော်...အဲဒိ အမေပေါ့...အိပ်ယာထဲက လက်ဟန်ချေဟန်နဲ့ အတူ မပီကလာ မသဲမကွဲ အသံလေးနဲ့ “သားလေး ဆေးဖိုးထပ်ပေးဦးမှာလား” လို့...တောင်းဆိုသံကို ကြားလိုက်ရတဲ့ အခါ ရင်ထဲမှာ စစ်ခနဲနေအောင် နာကျင်ရတဲ့ အဖြစ်အမေ မသိနိုင်ပါစေနဲ့ လို့ပဲ...ဆုတောင်းမိပါတယ်...။

အမေ...ဖြစ်နိုင်ရင်လေ...အသွေး အသားတွေ အားလုံးကို အရည်ဖျော်လို့... အမေ့ရောဂါပျောက်ဆေး များ ဖော်လို့ ရမယ်ဆိုရင်လေ...အမေပေးခဲ့တဲ့...လူမားရဲ့ ခန္ဓာ တစ်စမကျန် လေမှာ လွင့်ပျော်သွားပါစေ...နှမြောတွန့်တိုစိတ် အလျဉ်းမရှိတာ...အမေ အသိဆုံးဖြစ်မှာပါ...။

ဘာပဲဖြစ်ဖြစ်ပေါ့...အမေရယ်...၂၉ နှစ် အရွယ် သားတစ်ယောက်ရဲ့ ဘ၀မှာ...အမေဟာ ပုံစံမျိုးစုံနဲ့ လိုအပ်နေသလို...အမေနဲ့ နေရတာ ...အမေ့ကို လွမ်းနေရတာ အားမရသေးဘူး...အမေ။

အမေနဲ့ တစ်နေရာထဲမှာ အတူနေရတဲ့ အချိန်တွေ နည်းခဲ့ပေမယ့် လောကကြီးမှာ အမေရှိတယ်ဆိုတဲ့ အသိကြောင့် လူမားဘ၀မှာ အရာရာ ရဲရင့်ခဲ့ပါတယ်..အမေ... ဒါကြောင့်ပဲ... အမေဟာ... ခွန်အားတစ်ရပ် အဖြစ်လူမားအတွက်...လောကအတွက်ရပ်တည်ပေးဘို့ တောင်းဆိုပါရစေတော့...အမေ...

.အော်...အမေရယ်...အမေ့ကို လွမ်းရင်း...အမေ့အကြောင်းတွေ ပြောရင်း အမေ့ကို တိုင်တည်ရင်းနဲ့...တစ်လောကလုံးလည်း အမြင်တွေ မှုန်မှုန်ဝါးဝါး...အရာရာဟာ မသဲကွဲခြင်းတွေ လွမ်းမိုးနေပါပြီကောလား...အမေရယ်...။ ရွှေဘုန်း (14.6.12)

No comments:

Post a Comment