ထိုတစ်ချိန်....

တစ်ချိန်မှာ ... ဒို့တွဟာ...ဆံဖြူ၊ သွားကျိုး အိုခြင်းတရားရဲ့အောက် ဒူးထောက်ကြရမယ်...မေ့လို့မရ၊ ဖုံးဘို့ မလုံ၊ ကွယ်လို့ မရနိုင်တဲ့ ဇရာဆိုတဲ့ အမှန်တရားတစ်ခုကို မေ့ပျောက်လို့ ဘာလို့များ...တို့တွေ အတ္တမီးတွေ တောက်နေကြမလဲ.... ။

တစ်ချိန်မှာ... ဒို့တစ်တွေဟာ မည်သူမှ ဖေးကူလို့ မရ၊ တွေးယူလို့ မပေါ်၊ ရေတွက်သော်မှ မကုန်နိုင်တဲ့ နာခြင်းတရားရဲ့အောက် ဒူးထောက်ကြရမယ်၊ ကျော်လို့ မရ ၊ ရှောင်ဘို့ မလွယ်၊ ပြေးလို့ မလွတ်နိုင်တဲ့ ဗျာဓိဆိုတဲ့ တရားတွေ မေ့ပျောက်လို့ ဒို့တွေ ဘာကြောင့် အတ္တမီးတွေ တောက်နေကြမလဲ... တစ်ချိန်မှာ... ဒို့တွေဟာ...အရာရာချုပ်ငြိမ်းလို့ ဘ၀တံခါးကြီးပိတ်ရမယ့် သေခြင်းတရားရဲ့ အောက်မှာ ဒူးထောက်ကြရမယ်။

နေချင်လို့ မရ၊ တွယ်ချင်လို့ မပိုင်၊ ဆိုင်တယ်ထင်တာတွေ အကုန် ထားခဲ့ရမယ့် မရဏတရားကို မေ့ပျောက်လို့ ဒို့တွေ...ဘာကြောင့် အတ္တမီးတွေ တောက်နေကြမလဲ... တစ်ချိန်မှာ...အော်...အဲဒိတစ်ချိန်..မရောက်ခင်ထိ (သို့မဟုတ်) မရောက်သေးဘူးလို့ ထင်နေသရွေ့ထိတော့.... ။

မေတ္တာဖြင့်...ရွှေဘုန်း (26.6.2012, BKK)

ရွှေအိုရောင်သို့ တမ်းချင်း တစ်ပုဒ် (သို့) မွေးအမေသို့ လွမ်းမပြေ

ဘ၀မှာ အခက်ခဲတွေနဲ့ ပြည့်ကျပ်ပြီး...ထွက်ပေါက်တွေ ပျောက်ဆုံးသွားသလို... ခံစားရတဲ့ အခါတိုင်း...အားလုံးကို စွန့်ပစ်ထားခဲ့ပြီ...အမေ့ဘ၀ထဲမှာပဲ... ခဏဖြစ်ဖြစ် အနားယူပစ်လိုက်ချင်တယ်...အမေ...။

 အော်...အမေ့ဘ၀က လူမားကို မှေးစက်ပိုင်ခွင့်ပေးနိုင်လောက်တောင် မခိုင်မာတော့ဘူးနော်... အမေ့ဘ၀...အမေ့ရဲ့ စောင့်ရှောက်အောက်မှာ နေရတဲ့ ဘ၀ဟာ တိုတောင်းလွန်းပါတယ်..။

လူမားတို့ အားလုံးဟာ ဧည့်သည်တွေပါ အမေ...ဧည့်သည်ဆိုတာ အချိန်တန်ရင် နားခိုရာကို စွန့်ခွါပြီး...ကိုယ်စီကိုယ်စီ နှုတ်ဆက်လို့ ကိုယ့် ခရီးကိုယ် ဆက်ရမှာပဲနော်...။

အမေသိရဲ့လား...ငယ်ငယ်ကဆို အမေစိတ်ဆိုးတိုင်း “ နောင်ဘ၀ ဒီလို သားသမီးတွေနဲ့ ဘ၀ဆက်တိုင်း မဆုံပါရစေနဲ့...လို့ အခါခါ ပြောတတ်ပေမယ့် လူမားကတော့ အဲဒိ စကားတွေနဲ့ ဆန့်ကျင်ဘက်မှာပဲ ရင်ထဲက အမြဲရပ်တည်ခဲ့တာပါ..။

တစ်ချိန်ချိန်မှာ...“နှုတ်ဆက်ရမယ်”...သေချာတယ်ဆိုတာ သိနေပေမယ့်...ဒီလို အခြေနေမျိုးနဲ့တော့ လမ်းမခွဲပါစေနဲ့... ဒီလို ဇာတ်သိမ်းမျိုးနဲ့တော့ အဆုံး မသတ်ပါရစေနဲ့...အမေ...။

တစ်တိုင်းပြည်လုံး အဆိုးဝါးဆုံး အခြေမျိုးနဲ့ရင်ဆိုင်နေရချိန်မှာတောင် သားသမီးတွေ ဆန်ပြုတ်မသောက်ရအောင် ရုန်းကန်ခဲ့တဲ့...အမေ... အရာရာမှာ သားသမီးတွေအတွက် ကျွန်းသဖွယ် မှီခိုအားထားရာ အမြဲဖြစ်ခဲ့အမေ....

 အော်...အဲဒိ အမေပေါ့...အိပ်ယာထဲက လက်ဟန်ချေဟန်နဲ့ အတူ မပီကလာ မသဲမကွဲ အသံလေးနဲ့ “သားလေး ဆေးဖိုးထပ်ပေးဦးမှာလား” လို့...တောင်းဆိုသံကို ကြားလိုက်ရတဲ့ အခါ ရင်ထဲမှာ စစ်ခနဲနေအောင် နာကျင်ရတဲ့ အဖြစ်အမေ မသိနိုင်ပါစေနဲ့ လို့ပဲ...ဆုတောင်းမိပါတယ်...။

အမေ...ဖြစ်နိုင်ရင်လေ...အသွေး အသားတွေ အားလုံးကို အရည်ဖျော်လို့... အမေ့ရောဂါပျောက်ဆေး များ ဖော်လို့ ရမယ်ဆိုရင်လေ...အမေပေးခဲ့တဲ့...လူမားရဲ့ ခန္ဓာ တစ်စမကျန် လေမှာ လွင့်ပျော်သွားပါစေ...နှမြောတွန့်တိုစိတ် အလျဉ်းမရှိတာ...အမေ အသိဆုံးဖြစ်မှာပါ...။

ဘာပဲဖြစ်ဖြစ်ပေါ့...အမေရယ်...၂၉ နှစ် အရွယ် သားတစ်ယောက်ရဲ့ ဘ၀မှာ...အမေဟာ ပုံစံမျိုးစုံနဲ့ လိုအပ်နေသလို...အမေနဲ့ နေရတာ ...အမေ့ကို လွမ်းနေရတာ အားမရသေးဘူး...အမေ။

အမေနဲ့ တစ်နေရာထဲမှာ အတူနေရတဲ့ အချိန်တွေ နည်းခဲ့ပေမယ့် လောကကြီးမှာ အမေရှိတယ်ဆိုတဲ့ အသိကြောင့် လူမားဘ၀မှာ အရာရာ ရဲရင့်ခဲ့ပါတယ်..အမေ... ဒါကြောင့်ပဲ... အမေဟာ... ခွန်အားတစ်ရပ် အဖြစ်လူမားအတွက်...လောကအတွက်ရပ်တည်ပေးဘို့ တောင်းဆိုပါရစေတော့...အမေ...

.အော်...အမေရယ်...အမေ့ကို လွမ်းရင်း...အမေ့အကြောင်းတွေ ပြောရင်း အမေ့ကို တိုင်တည်ရင်းနဲ့...တစ်လောကလုံးလည်း အမြင်တွေ မှုန်မှုန်ဝါးဝါး...အရာရာဟာ မသဲကွဲခြင်းတွေ လွမ်းမိုးနေပါပြီကောလား...အမေရယ်...။ ရွှေဘုန်း (14.6.12)

“ဒေါသဖြင့် ချည်နှောင် ခံရခြင်း နှင့် မေတ္တာဖြင့် အေးချမ်းမှုကို ရှာဖွေခြင်း

လူသားတိုင်း စိတ်အခန့်မသင့်ဖြစ်မှုတွေ၊ စိတ်ဆိုး ဒေါသထွက်မှုတွေ၊ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေး အဖုအထစ်တွေ အားလုံးကြုံဖူးကြမှာပါ။ အဲလို အဖြစ်အပျက်တွေ ဖြစ်သွားပြီးရင် လူတွေရဲ့ ရင်ထဲမှာ ကျန်ခဲ့တတ်တာက ..ရန်ငြိုးဖွဲ့မှုဆိုတဲ့ စိတ်ဓါတ်မအေးချမ်းမှုပါပဲ၊ သူက ငါ့ကို ဒီလို ပြောတယ်၊ ငါတစ်ချိန်မှာသူ့ကို ဒီထက်ပြင်းပြင်းလေး ပြန်ဆော်လိုက်မယ်။ သူက ငါ့ကို ထိခိုက်အောင် လုပ်တယ်၊ ငါ အခွင့်ရေးရရင် သူ့ဘ၀ပျက်အောင် လုပ်ပစ်လိုက်မယ်...စတဲ့ ရလာဒ်တွေဟာ ရန်ငြိုးဖွဲ့မှုကနေ ပေါက်ဖွါးလာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ ရင့်ကျက်မှုတွေ အားနည်းသေးတဲ့ ပုထုဇဉ် တစ်ယောက်အနဲ့တော့ ဆက်ဆံရေး နယ်ပယ်မှာ ခိုက်ရန်ဖြစ်ပွါးမှုဆိုတာ ရှောင်ရခက်တဲ့ လူမှုရေး ပြဿနာတစ်ခုပါ။ အဲဒိပြဿနာနဲ့ နောက်ဆက်တွဲ ရန်းငြိုးထားမှုကတော့ သာလို့တောင် ဆိုးပါသေးတယ်၊ အကြောင်း အမျိုးကြောင့် လူတစ်ယောက်ကို မုန်းနေတယ်ဆိုတာ တစ်ကယ်တော့ ကိုယ်က သူ့ကို သူမသိပဲ အရှုံးပေးနေရတာပါ။ သူ့ကို မုန်းနေတဲ့စိတ်တွေဟာ သူ့ကို မပူလောင်စေဘဲ ကိုယ့်ကိုယ်ပဲ အရင်ပူလောင်စေပါတယ်၊ သူ့ကို မချည်နှောင်နိုင်ပဲ အချိန်တိုင်း သူ့အပေါ်ဖြစ်နေတဲ့ ကိုယ့်စိတ်ရဲ့ မငြိမ်းချမ်းနိုင်မှုတွေဟာ ကိုယ်ကို ကောင်းတဲ့ အရာတွေ မတွေးနိုင်အောင်၊ မလုပ်နိုင်အောင် ချည်နှောင်လိုက်ပါတော့တယ်။ လူတိုင်းဟာ “ငါကောင်းရက်နဲ့ ငါ့ကို ဒီလိုပြောတယ်၊ ဒီလိုလုပ်တယ်”လို့ပြောတတ်ကြပါတယ်။ ငါကောင်းတယ်ဆိုတာ “ငါက ထင်တာပါ” သူကတော့ “မကောင်းဘူး”လို့ ယူဆလို့ ဒီလိုလုပ်တာ၊ဒီလိုပြောတာပါ၊ ကောင်းပါပြီ ငါကောင်းတယ်ဆိုရင် ငါကဘယ်လောက်ကောင်းလို့ လဲဆိုတာ ပြန်ပြီးတွက်စစ်ကြည့်ရပါမယ်။ ဘယ်သူတွေ အတွက်ကောင်းနေတာလဲ ဆိုတာလည်း ထည့်မတွက်လို့ မရပါဘူး။ ကိုယ်က ကိုယ်ကောင်းတယ်လို့ ကိုယ်ထင်နိုင်သလို၊ သူကလည်း သူကောင်းတယ်လို့ ထင်နေတာကိုလည်း ထည့်တွက်ရပါမယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ “ငါကောင်းခြင်းရဲ့” အတ္တနယ်ပယ်ကနေ မထွက်နိုင်တဲ့ အတွက် ဘယ်တော့မှ စိတ်ရဲ့ အေးချမ်းမှုကို ရနိုင်မှာ မဟုတ်တော့ပါဘူး။ လောကမှာ ဘုရားလောက်ကောင်းတာ ဘယ်ရှိပါ့မလဲ၊ ဒါပေမယ့် အက္ကောသ ဘာရဒွါဇရဲ့ အဆဲကို ခံ၇တယ်။ ဒေ၀ဒတ်ရဲ့ သုံးကြိမ်လုပ်ကြံမှုနဲ့ ကြုံရတယ်။ ဒီနေရာမှာ မှတ်သားစရာကောင်းတာက ကိုယ်နဲ့ပါတ်သက်တဲ့ လောကဓံကိုတော့ လူတိုင်း ရှောင်လွှဲလို့ မရပါဘူး။ ရှောင်ဘို့လည်း မကြိုးစားပါနဲ့၊ ဘုရားတောင် မလွတ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်မှာ ဖြစ်တဲ့ လောကဓံကိုတော့ အတတ်နိုင်ဆုံး ရင့်ကျက်မှုနဲ့ ရှောင်ရှားနိုင်ပါတယ်။ ကြည့်ပါ၊ ဒေ၀ဒတ် ဘယ်လောက် ကောက်ကောက် မြတ်စွာဘုရား ဖြောင့်ထားတဲ့ အတွက် ဒေ၀ဒတ်နဲ့ မြတ်စွာဘုရားဟာ ဘယ်တော့မှ မချိတ်မိပါဘူး။ ဒေ၀ဒတ်ကသာ တစ်ဘက်သတ်ချိတ်နေ တာပါ။ နောက်ဆုံးတော့ ဖြောင့်ထားတဲ့ သူက ဘာမှ မဖြစ်ပဲ ကောက်နေတဲ့ ချိတ်ကသာ ကျိုးခဲ့ရပါတယ်။ “လူ့လောကမှာ နေရတယ်ဆိုတာ အဝေးပြေးကားကြီး စီးပြီး ခရီးသွားရသလိုပါပဲ၊ အချိန်တွေဟာ မြင်ကွင်းထဲက သစ်ပင်လေးတွေလို တစ်ရိပ်ရိပ်နဲ့ ကုန်ဆုံးနေတာပါ၊ အဲဒိခဏလေးသော အချိန်များဟာ ပူပူလောင်လောင်နဲ့ ပဲကုန်ဆုံးနေတယ်ဆိုရင် လူဖြစ်ရကျိုးမနပ်သေးပါဘူး၊ တစ်ခုခု လွဲနေပါပြီ၊ ပြင်ရတော့မှာပါ“ နိဂုံးချုပ်မှာချင်တာကတော့ “ငါကောင်းတယ်၊ ငါမှန်တယ်လို့ ထင်နေသလို၊ သူလည်း သူကောင်းတယ်၊ သူမှန်တယ်” လို့ ယုံကြည်ထားမယ်ဆိုတာ သတိရှိပါစေ၊ ဒေါသတွေ ၊ ရန်ငြိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့၊ ချည်နှောင်မထားပါနဲ့၊ ခဏတာလေးသာ နေရတဲ့ လူ့ဘ၀ကို အေးချမ်းမှုတွေနဲ့ လွတ်လပ်ခွင့်လေးသာ ပေးလိုက်ပါ လို့ အလင်းအိမ်ရဲ့ ဒကာ၊ ဒကာမများကို အသိပေးနှိုးဆော်လိုက်ပါရစေ.... မှတ်ချက် ။ ။ အေးချမ်းမှုတွေ၊ အမှန်တရားတွေဟာ တွေးတောနေရုံနဲ့ အစစ်အမှန်ကို မရနိုင်၊ လက်တွေကျင့်ကြံအားထုတ်မှုဖြင့်သာ အစစ်အမှန်အေးချမ်းမှုကို ရရှိနိုင်ပါသည်။ မေတ္တာဖြင့် အလင်းအိမ် ဘုန်းဘုန်း(စေတနာပန်းခင်း)19.12.2011

အမေဆိုတာ

မိုးလေးက တစ်ဖျောက်ဖျောက်နဲ့ တိတ်ဆိတ်တဲ့ အခန်းထဲ တစ်ပါးတည်းရှိနေခိုက်မှာ၊ အမှတ် တမဲ့ တွံတွေး သိန်းတန်ရဲ့ ကျေးလက်သီချင်းလေး ကြားလိုက်ရတော့ အမေ့ကို သတိယလိုက်တာ၊ (တွံတွေးသိန်းတန်သီချင်းတွေကို အမေသိပ်ကြိုက်တယ်လေ)၊ဟိုး...လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဆို၊ ဒီလို ချမ်းအေးတဲ့ မိုးတဖွဲဖွဲကျတဲ့ ညတွေမှာ မောင်နှမ သုံးယောက်သား၊ မိုးပေါက်မကျတဲ့ ခေါင်းရင်းဘက်ကိုတိုး၊ ဖျားကို အပေါ်ကို ပြန်လိပ်တင်ပြီး ဖျာလိပ်ထဲမှာ ဆက်အိပ်ကြတာပါပဲ၊ ဓနိမိုးထားတဲ့ အမေ့အိမ်လေးမှာ ဒီလိုမိုးတွေ တစ်ဖွဲဖွဲရွာပြီဆိုရင် ဟိုနေရာက မိုးယို၊ ဒီနေရာက မိုးယိုနဲ့၊ မိုးပေါက်တွေက နေရာမလပ် ကျလာတတ်ပါတယ်၊ အဲလို မိုးတွေ ယိုလာပြီဆိုရင်တော့ အမေ့မှာ အသင့်ကောက်ပြီး စုဆောင်းထားတဲ့ ၀ါးဘတ်လေးတွေနဲ့ မိုးပေါက်ကျရာနေရာတွေကို လိုက်ပြီး ဖာရ၊ ထေးရရှာတယ်လေ။
အမေ အဲလိုတစ်ညလုံး အမိုးလေးတွေ ဖားထေးနေတဲ့အချိန်မှာ စာရေးသူတို့ မောင်နှမ သုံးယောက်ကတော့ ခေါင်းရင်းနားလေးမှာ ဖျာလေးအပေါ်ကို ပြန်လိပ်တင်ပြီး၊ ကွေးနေအောင် ဆက်အိပ်ကြတာပဲ၊ အမေ့ရဲ့ တစ်ညလုံးမအိပ်ရတဲ့ ဒုက္ခတွေကို ကိုယ်ချင်းလည်း စာနာတတ်ဘို့ နားမလည်ခဲ့ကြဘူးလေ။ တစ်မိသားစုလုံးမှာပိုင်ဆိုင်တဲ့ တစ်လုံးထဲသော ပိတ်ခြင်ထောင်ကြိးမှာ အိပ်လို့ မရအောက်အောင် ကြမ်းပိုးတွေ ကိုက်လာတဲ့အခါလည်း သားသမီးတွေကို မနိုးစေပဲ၊ ကြမ်းပိုး သတ်ရတာလည်း အမေ၊ သား သမီးတွေ အအိပ်ကြမ်းလို့ ခြင်ထောင်ကြိုးတွေ ပြတ်တော့လည်း ထပြီး ချည်ရတာလဲအမေ၊ ကြောင်လေးတွေချမ်းလို့ ခြင်ထောင်ထဲ လာကွေးပြီးအိပ်တဲ့အခါ သားသမီးတွေ ဖိမိမှာစိုးလို့ နေရာ လိုက်ရွှေ့ရ တာလဲ အမေပါပဲလေ။
အမေက ဟင်းသီး၊ ဟင်းရွက်တွေပဲရောင်းဖူးပါတယ်။ သား၊ ငါးတွေ မရောင်းဖူးပါဘူး။ အမေက ခြင်လေးတွေ၊ ကြမ်းပိုးလေးတွေပဲ သတ်ဖူးတာပါ၊ သား၊ ငါးတွေ မသတ်ဖူးပါဘူး။ ဒါပေမယ့်ပေါ့လေ၊ မနှစ်က ရေမြေခြားကို ပြန်ခါနီးတော့ “သားလေး၊ အမေ ငါးရံ့ခြောက် လှမ်းထားလိုက်မယ်နော်” တဲ့၊ (သူ့သား ငါးရံ့ခြောက် ကြိုက်တာ အမေသိတာပေါ့) “အမေ၊ အရှင်တွေ မလုပ်နဲ့နော်”ဆိုတော့၊ “အင်းပါ၊ စိတ်ချ၊ အမေ ပံ့သကူရှာပြီး လုပ်ထားလိုက်မယ်”..။ ပြန်ခါနီးတော့ ငါးရံ့ခြောက်လေးတွေ လေယဉ်ပေါ် အနံ့မနံရအောင် အိတ်ကလေးတွေနဲ့ ထုတ်နေတုံး“အမေ အဲဒါတွေလုပ်တုံးက အရှင်တွေ ပါသေး လား”ဆိုတော့၊ သူ့သားပြန်ခါနီးလို့ စိတ်မကောင်း ဖြစ်နေတဲ့မျက်နှာလေး က ပြုံးရောင်သန်း သွား ပြီး“မပါပါဘူး သားရယ်”တဲ့လေ..။
အမေ့ကွယ်ရာရောက်မှ အစ်မက “အော်..ဦးဇင်းရယ်၊ ငါးရံ့ခြောက်ဆိုတာ အရှင်သတ်ပြီး တော့ကိုယ်တိုင် ဆားလူးပြီး လှမ်းမှကောင်းတာ၊ အမေက ဦးဇင်းအတွက်တမင်မှာပြီး လုပ်ထားတာ၊ ဦးဇင်းဆူမှာစိုးလို့ အရှင်မပါဘူးပြောတာ” အော်...အမေရယ်..။
တစ်ကယ်တော့လေ အမေဆိုတာ သားသမီးအတွက်ဆို မသွားရဲတဲ့လမ်းဆိုတာ မရှိသလို၊ မလုပ်ရဲတဲ့အလုပ်ဆိုတာလည်း မရှိပါဘူး၊ သားသမီး အမြင့်ရောက်ဘို့ သူ့ကျောကို အဆင်သင့် ခင်းပေးတတ်တာ အမေ၊ သားသမီး ကုသိုလ်ရဘို့ သူ့ဘ၀ကို အကုသိုလ်တွေနဲ့ ရင်းပေးတတ်တာ အမေ၊ အမေဟာလေ..သားသမီးအတွက်ဆိုရင်၊ ဆရာလိုလည်း လမ်းညွှန်တတ်သလို၊ တပည့်လို လည်း လိမ္မာပေးတတ်တယ်၊ သူရဲကောင်လိုလည်း အန္တရယ်တွေကို ကာဆီးပေးနိုင်တယ်။ အိုလေ ...အမေဆိုတာ... သားသမီးအတွက်၊ ဘယ်နေရာကမဆို နေပေးနိုင်ပါတယ်…။
“တော်ပြီ...နောင်…အမေ့ကို ငါးရံ့ခြောက်စားချင်တယ်လို့၊ ဘယ်တော့မှ မပြောတော့ဘူး.”
“မိဘ ကျေးဇူး အထူးသိတတ်ကြပါစေ”
အလင်းအိမ်(စေတနာပန်းခင်း)19.8.2011.

အလှူမင်္ဂလာ အစီအစဉ်

အလှူတော်မင်္ဂလာ နှင့်ပါတ်သက်၍

အလှူနေ့ရက်

  • အလှူအစနေ့.....၂၉.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၂ ရက်၊ သောကြာနေ့)
  • အလှူကြီး.........၃၀.၄.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၃ ရက်၊ စနေနေ့)
  • ရှင်မည်ခံ..........၁.၅.၂၀၁၁ (၁၃၇၃-ခုနှစ်၊ တန်ခူးလ္ဆုပ် ၁၄ ရက်၊ တနင်္ဂနွေနေ့)
  • အလှူတော်နေရာ...ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ အလှူတော်မင်္ဂလာမဏ္ဍာပ်။ (ဖုန်း-၀၉-၄၉၇၁၇၂၉၄)

အလှူတော်မင်္ဂလာ အစီအစဉ်

တန်ခူးလ္ဆုပ် ၁၂ ရက်နေ့ ၊အလှူအစနေ့ ညနေ ၅-နာရီ၌ အလှူရှင်များ၊ ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ မိသားစုများ စုပေါင်း၍ ပရိတ်တရားတော်နာကြား၍ အလှူမင်္ဂလာ စတင်ဖွင့်လှစ်ပါမည်။

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၊ နံနက် ၇-နာရီ သိမ်တက်၊ ရဟန်းခံ၊ သိက္ခာထပ်အလှူတော်မင်္ဂလာ ခမောက်စုရွာ၊ ရွာလည်ကျောင်းတိုက်၌ ကျင်းပပါမည်၊

တန်ခူးလ္ဆုပ် ၁၃ ရက်နေ့ နံနက် ရှစ်နာရီမှ စ၍ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြကုန်သော ဧည့်ပရိတ်သတ် အပေါင်းတို့အား ဟင်းချို၊ ငံပြာရည်ကျော်၊ ပဲပင်ပေါက်၊ ငံပိရည်တို့ဖြင့် ဧည့်ခံကြွေးမွေးပါမည်၊ (ဧည့်ပရိသတ် တစ်ထောင် ကျော်ခန့်ကို ကြွေးမွေးလှူဒါန်းပါမည်)

နံနက် ဆယ်နာရီခွဲ၌ ပင့်သံဃာတော် အပါး(၂၀)အား၊ နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းပါမည်။ နေ့လည် ၁၂ နာရီ၌ ရှင်အပါး ၂၈ပါး၊ ရဟန်းလောင်း ၄ပါးတို့အား မြင်းကှိုယ်စီဖြင့် ရှင်လောင်းလှည့်ပါမည်၊
ညနေ ၃ နာရီ၌ ဆံချပရိတ်တရားတော်နာ၍ လှူဒါန်းဘွယ် အစုစုတို့အား လှူဒါန်းကာ စုပေါင်း၍ ရေစက်သွန်းချ အမျှအတန်းပေးဝေပါမည်၊ (နတ်လူသာဓု ခေါ်စေသော်)ထို့နောက် ရှင်လောင်းများအား ဆံချ၍၊ သရဏဂုံသုံးပါး ဆောက်တည်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြင်ပါမည်။

တန်ခူးလ္ဆုပ် ၁၄ ရက်နေ့၌ ရှင်မည်ခံအလှူပွဲကျင်းပ၍
စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲအား အောင်မြင်စွာ သိမ်းဆည်းပါမည်။
(တန်ခူးလ္ဆုပ် ၁၃ ရက်နေ့၌ တစ်နေကုန် လာသမျှဧည့် ပရိသတ်များအား ဧည့်ခံကြွေးမွေးပါမည်)

စေတနာပန်းခင်း စုပေါင်းရှင်ပြုပွဲ အလှူရှင်များ

စေတနာပန်းခင်း ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ အလှူရှင်များ

၁၊ ကိုဝမ်ချိုင်+မခင်မိုးဝင်း၊ မောင်-ကိုစိုးမင်းနောင် မိသားစု(ဘန်ကောက်) ဘတ်ငွေ=တစ်သောင်း ခုနှစ်ထောင်

၂။ မသန်းသန်းဌေး၊မအေးအေးသန်း (ပန်းကမ္ဘာ အထည်ဆိုင် ယုဇနပလာဇာ) မြန်မာငွေ=ငါးသိန်း

၃။ မစိုးစိုးလှိုင် (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၎။ မယဉ်ယဉ်အောင်(ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၅။ မဘက်တီ (ဘန်ကောက်) ဘတ်ငွေ =နှစ်ထောင်

၆။ ဒေါ်စကွန်ရိုင်း(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်

၇။ ဒေါ်သန်းသန်းစိုး (ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၈။ ဒေါ်မေ၀င်း၊ ဒေါ်မာမာဌေး(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၉။ မချိုမီလာအောင်(Vega travel, Thailand) ဘတ်ငွေ =တစ်ထောင်

၁၀။မမိုးပြာ(ဘန်ကောက်) ဘတ်ငွေ =တစ်ထောင်

၁၁။မဂျူးဂျူး(ဘန်ကောက်) ဘတ်ငွေ=တစ်ထောင်

၁၂။ မယဉ်ယဉ်ဝင်း(ကြည့်မြင်တိုင်) မြန်မာငွေ=တစ်သိန်း

၁၃။ ကိုသန်းဇော်လင်း+မသူသူဝင်း(ဘန်ကောက်) ဘတ်ငွေ ငါးရာ

၁၄။ မောင်စောဝင်းနွယ်+မချောချောဇံ (ဘန်ကောက်) သုံးထောင်

၁၅။ မမြတ်လေးနွယ် မိသားစု(ဘန်ကောက်) ဘတ်ငွေ ငါးရာ

၁၆။ မောင်သူရစိုး+သန်းသန်းဆင့် (ဘန်ကောက်) ဘတ်ငွေ ငါးရာ
စုစုပေါင်း မြန်မာငွေတန်ဘိုး တစ်ဆယ့်ငါးသိန်း ကျော်ခန့်၊ နတ်၊လူသာဓုခေါ်စေသော်။

အရှင်တေဇာနန္ဒ(စေတနာပန်းခင်း)