***********
ရဟန်းတော်လောကမှာ အတိုးငွေချေးစားသော ရဟန်းတွေလည်း မြင်ဘူးသည်၊ ချဲ၊ နှစ်လုံး သုံးလုံး ပေး၍ ကြီးပွါးနေသော ရဟန်းတွေလည်း တွေ့ဖူးသည်၊ အတိုးပေးသော ရဟန်းသည် နောက်တော့ အကြွေးမရလို့ ရပ်ကျော်၊ ရွာကျော်ဖြစ်..ကျော်မကောင်း ကြားမကောင်း သာသနာတော်ရဲ့ ဂုဏ်ထိခိုက်သော အဖြစ်တွေလည်း မြင်ဖူးသည်၊ သို့သော် ဒါတွေဟာ ပုဂ္ဂိုလ်ရဲ့ မစင်ကြယ်မှုတွေသာ ဖြစ်၍ သာသနာတော်ရဲ့ တာဝန်မဟုတ်ပေ...။
ရန်ကုန်မှာတုန်းက ကိုရင်တစ်ပါးနဲ့ ဆွမ်းခံအတူကြွတယ်၊ ဆွမ်းခံတစ်အိမ်က ချဲဂဏန်း အမြဲတောင်းသည်၊ ရွှေဘုန်းနဲ့ အတူကြွတဲ့ ကိုရင်က အမြဲချဲဂဏန်တွေပေးပါသည်၊ အဒိတော့ ရွှေဘုန်းက မေးတယ်...
" ကိုရင် မင်း ချဲဂဏန်းတွေ နေ့တိုင်းပေးနေတာ ဘယ်ကရလို့လည်း၊ မှန်ရော မှန်လို့လား"...
" ဟာ...ဦးဇင်းကလည်း ဘယ်ကရရမှာလဲ၊ ဒီလိုပဲ ပါစပ်ထဲရှိတာ လျှောက်ပြောတာပဲ၊ ကြက်ကန်းတိုးပြီး မှန်တဲ့ အခါလည်း မှန်သွားတာပေါ့."..တဲ့။
ကောင်းရော...မှန်...မမှန်တော့ မသိဘူး၊ သေချာတာတော့ အဲဒိအိမ်က ချဲဂဏန်းပေးတဲ့ ကိုရင်ကို ပိုပြီး ဂရုစိုက်တယ်၊ ကိုယ့်ကို တစ်ရာဆိုရင် ကိုယ်ရင်ကို နှစ်ရာ၊ ပိုက်ဆံတောင် ကိုယ့်ကို အနွမ်းဆိုရင် ကိုရင်ကို အသစ်ကလေး လှူတယ်၊ ဆွမ်းဟင်းလည်း ဒီလိုပဲ၊ ကွာတယ်၊ အကြည်ညိုလွဲကြတာတွေပေါ့...ခုတော့ အဲဒိကိုရင်က လူထွက်ပြီး ကားဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်နေတာ မနှစ်က ပြန်တော့ တွေ့ခဲ့တယ်လေ။
ရဟန်းကြောင့် ဒကာ၊ ဒကာမတွေ ပျက်ဆီးတတ်သလို၊ ဒကာ၊ ဒကာမတွေ တစ်လွဲလုပ်ရင်လည်း ရဟန်းတွေ သီလပျက်ဆီးတတ်တာပါပဲ...
နွေတုန်းက ရွှေဘုန်းကြည့်ရှု ဆောင့်ရှောက်ထားတဲ့ ကျောင်းသားလေး တစ်ယောက်ရဲ့ မိခင် ငှက်ပြောကြော်ထုပ်လေးတွေ ကိုင်ပြီး ရောက်လာတယ်...လိုရင်းကတော့ အရှင်ဘုရား၊ တပည့်တော်တို့ကို နှစ်သိန်းလောက် ခဏ ကြည့်ထားပါဘုရား...တဲ့။
ခေါင်းတောင် ကြီးသွားတယ်...ပြောလိုက်တယ်...
" ဒကာမကြီး ၊ ကလေးကို ထောက်ပံ့လို့၊ အလှူတွေလုပ်၊ စာကြည့်တိုက်ကြီးတွေ သိန်းရာချီဆောက်နေလို့ အထင်မကြီးနဲ့...ဒကာမကြီး၊ အဲဒါ သူများလှူတာတွေနဲ့ ပြန်လှူတာ၊ ဦးဇင်းမှာ ကိုယ်ပိုင်သုံးဘို့ လက်ထဲ မြန်မာငွေ ငါးသောင်းပြည့်အောင် မရှိတဲ့ အချိန်ကများတယ်၊ ထိုင်းမျာနေလည်း လက်ထဲ ဘတ်တစ်ထောင် ပြည့်အောင် ရှိခဲတယ်။ ကလေးကို ထောက်ပံ့တာကလည်း ပညာရေးမို့ ၀ိနည်းလွတ်ထောက်ပံ့တာ..."
ဒါနဲ့ပဲ ပုံပြင်လေး တစ်ပုဒ်ပြောပြလိုက်တယ်
**************************
တစ်ခါက မိအေးလို့ ခေါ်တဲ့ ဒကာမတစ်ယောက် ငါးခြောက်ပြားလေး တစ်ပြားကိုင်ပြီး ရွာဦးကျောင်း ဆရာတော်ဆီရောက်လာတယ်၊ ငါးခြောက်ပြားလေး ဆရာတော်ကြီးရှေ့ကိုချ၊ ဆရာတော်ကြီးကို ကန်တော့ပြီး လျှောက်တာက ဆရာတော်ဘုရား တပည့်တော်ကို ဆရာတော် လည်ရင် ပိုက်ဆံလေး နည်းနည်းချေးပါ..ဘုရား...တဲ့။
အဲဒိတော့ ဆ၇ာတော်ကြီး မိန့်တယ်..ဟဲ့..မိအေး...ငါ့ကို လှူထားတဲ့ ၀တ္ထုတွေက ငါ သာသနာပြုဘို့ ဆိုပြီး လှူထားတာတွေကြီးပဲ၊ နင့်ကို ချေးဘို့ လှူထားတာ မပါသေးဘူး၊ အေး ဒီတစ်ခါ အလှူရှင်တွေ ရောက်လာမှ ငါ မိအေးကို ချေးချင်လို့ ပြောပြီး အလှူခံကြည့်မယ်...ရတော့လည်း နင့်...ချေးတာပေါ့ဟာ...လို့ မိန့်လိုက်ပါလေရော...
အဲဒိမှာတင် မယ်မိအေးတို့ ဆရာတော်ကြီး ရှေ့ချထားတဲ့ ငါးခြောက်ပြားကို ဆတ်ခနဲပြန်စွဲယူပြီး၊ ဆောင့်ဆောင့် ဆောင့်ဆောင့်နဲ့ ကျောင်းပေါ်က ဆင်းသွားပါလေရော...တဲ့။
ပုံပြင်လေး ဆုံးတော့ ပုံဆံချေးတဲ့ ဒကာမကြီးလည်း စာကြည့်တိုက်ပေါ်က ဆင်းသွားပါတယ်၊ အော်...သူကတော့ ငှက်ပြောကြော်ထုတ်လေးတွေ ပြန်ယူမသွားဘူး၊ ထားခဲ့တယ်၊ သူက မိအေးထက်သာတယ်....။
ဆရာ၊ ဒကာ သာယာ ကြပါစေ...
ရွှေဘုန်း (18.7.2012)
လောကထဲက အလွဲလေးတွေပေါ့ ဘုန်းဘုန်း.:)
ReplyDeleteဒါနဲ့ တပည့်တော်လည်း ပိုက်ပိုက်လာချေးရင် ကောင်းမလားလို့..:P
ဘာ.............ာာာာာာာာာာာာာာာာ
Delete