ဒီလမ်း





မုန်တိုင်းတွေ ခင်းထားတဲ့ လမ်း ၊ မကြမ်းပဲ ရှိပါ့မလား...


မိုင်ထောင်ချီဝေးတဲ့ လမ်း၊ မပန်းပဲ ရှိပါ့မလား...


လောက၊ သာသနာ အတွက် လျှောက်တဲ့ လမ်း...


ပန်းချင် ပန်း၊ နွမ်းချင် နွမ်း....။


သံသရာ ခရီးကြမ်းထက်တော့ မရှည်ကြာနိုင်တဲ့ ဒီလမ်းထဲ

ယုံကြည်ရာ လက်တွဲ၊ ရဲရဲပေါ့ကွယ်...


ယုံကြည်ရာ လက်ကမ်း...လှမ်းလိုက်စမ်းကွယ်...။


ရွှေဘုန်း (27.7.2012)

ဘာလို့ ကံမကောင်းသေးတာလဲနှင့် ကံတရားတို့ နိုးထချိန်

လောက လူသားတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပါ၊ ဘယ်လောက်ဆိုးဝါးတဲ့ ကံကြမ္မာနဲ့ တွေ့ကြုံရပါစေ... တစ်နေ့ ကောင်းလာနိုးနဲ့ မျှော်လင့်ပြီး အသက်ရှင်ကြပါတယ်၊ အဲဒိမျှော်လင့်ချက် မရှိတော့ရင်တော့ လူသားဟာ အသက်ရှင်ဘို့ ခက်ခဲသွားပါပြီ၊ လူဟာ အလုပ်ကြိုးစားတယ်၊ အဲဒိလို ကြိုးစားတဲ့အတွက် ဘ၀မှာ အဆင်ပြေဘို့မျှော်လင့်တယ်၊ အဲလို ကြိုးစားရက်နဲ့ အဆင်မပြေဖြစ်ပြီဆိုရင်တော့ လောကကြီးက မတရားဘူး...ဘာ ညာ စသည်အားဖြင့် အပြစ်တွေတင်၊ စိတ်ဓါတ်တွေကြတော့တာပါပဲ၊ ကြိုးစားတဲ့လူအတွက် မအောင်မြင်စရာမရှိပါဘူး၊ ဒါပေမယ့် ကြိုးစားပုံ ကြိုးစားနည်း မှန်ရမှာဖြစ်သလို၊ အခြေနေနဲ့ အချိန်ခါကောင်းတွေ ရဘို့လိုသလို အောင်မြင်ဘို့အတွက် ပြည့်စုံ၇မယ့် အကြောင်းတရာတွေလည်း ရှိရမယ်လေ...


မရမနေ ဖြစ်ချင်တဲ့ ဆန္ဒလည်းကြီးမယ်၊
****************************
ဒါကိုပဲ စိတ်ထဲမှာ တစ်ချိန်လုံး နှစ်ထားမယ်၊
******************************
ကျားကုတ်ကျားခဲ ကြိုးစားမယ်၊
***********************
ကျိုးကြောင်းဆင်ခြင် မျှော်မြင်တတ်တဲ့ ပညာနဲ့လည်း ပြည့်စုံမယ်
**********************************************
ဆိုရင် မအောင်မမြင်စရာ မရှိပါဘူး။ ဒါဟာ မြတ်စွာဘုရား လမ်းညွှန်ထားတဲ့ အောင်မြင်ကြောင်း တရားများပါ၊ တစ်ကယ် မအောင်မြင်သေးဘူးဆိုရင် ဒီထဲက တစ်ခုခု ချို့တဲ့နေလို့ဆိုတာ အသေချာပဲပေါ့။


ကုသိုလ်၊ အကုသိုလ် အကျိုးတွေဟာလည်း ဒီလိုပါပဲ၊ ပြုလုပ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ အကျိုးပေးချိန်ဆိုတာ ရှိပါတယ်၊ ခုလုပ် ခု အကျိုးပေးဆိုတာတော့ အမြဲ မျှော်လင့်လို့ မရနိုင်ဘူးပေါ့၊ လူတွေဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာကို သိထားတယ်၊ အဲဒိတော့ ကောင်းတာတွေလုပ်တယ်၊ ကောင်းကျိုးမပေးဘူး..ဆို၇င် ငါ ကောင်းတာလုပ်တာပဲ၊ ဘာအကျိုးမှ မပေးဘူး၊ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်ဆိုတာ ဟုတ်ရော ဟုတ်ပ့ါမလား... မကောင်းတာတွေလုပ်နေတုန်းက ဘာမကောင်းကျိုးမှ မပေးဘူး၊ ခုကောင်းတာတွေလုပ်မှ မကောင်းကျိုးတွေ ပေးတယ်..စသည်အားဖြင့် သဘာဝဓမ္မကို  သံသယတွေ ၀င်လာတတ်ပါတယ်၊...။


အဲဒိတော့ ပြန်ပြီး ဆင်ခြင်ရပါမယ်၊ လူတွေဟာ မကောင်းတာတွေလုပ်နေတဲ့ အချိန်၊ သို့မဟုတ် ကောင်းတာကို ထူးထူး ခြားခြား ဘာမှ မလုပ်တဲ့ အချိန်မှာတော့ မကောင်းကျိုးတွေ ပေးနေရင်လည်း မသိမသာပဲ နေတတ်ပါတယ်၊ သိပ်ပြီး သတိမထားမိပါဘူး၊ ဒါပေမယ့် ကောင်းတာတွေ လုပ်ပြီဆိုရင်တော့ သတိက အလိုလိုထားမိလာပါတော့တယ်၊ ဘာလို့လည်းဆိုတော့ ကောင်းတာ လုပ်ရင် ကောင်းကျိုးပေးမယ်ဆိုတဲ့ မျှော်လင့်ချက်က ကပ်ပါလာတာကိုး၊ အဲဒိတော့ အမှုမဲ့နေတဲ့ အချိန်မှာ မကောင်းကျိုးပေးတာကို သတိမထားမိပေမယ့်၊ ကောင်းတာလေးတွေကို ကြိုးစားပြီး လုပ်လာတဲ့ အချိန်မှာတော့ မျှော်လင့်နေ တဲ့ စိတ်၊ သို့မဟုတ် ကောင်းကျိုးကို အ၇င်စလို တောင့်တနေတဲ့ စိတ်က သတိထားနေပါတော့တယ်၊ အဒိအချိန်မှာ မကောင်းကျိုးများ ပေးပြီဆိုလို့ကတော့ ...ဘယ်မှာလဲ ကောင်းတာလုပ်ရင် ၊ ကောင်းကျိုးပေးမယ်ဆိုတာ... မကောင်းတာတွေ လုပ်နေတုန်းကမှ ဘာမှမဖြစ်ဘူး၊ ခုကောင်းတာတွလုပ်မှ မကောင်းတာတွေဖြစ်တယ်...စသည်အားဖြင့် သံသယစိတ်တွေနဲ့ လောကကို နားမလည်ဖြစ်လာပါတော့တယ်။


တစ်ကယ်တော့ ကောင်းတဲ့ အလုပ်က ကောင်းကျိုးကို ဖြစ်စေပြီး၊ မကောင်းတဲ့ အလုပ်က မကောင်းကျိုးကို ဖြစ်စေတယ် ဆိုတာတော့ ခေတ်ဟောင်းနည်းနဲ့ပဲ တွေးတွေး ခေတ်ပေါ်နည်းနည်းပဲ စမ်းသပ်၊ စမ်းသပ် ဒါဟာ သိပ်ကို သေချာနေတဲ့ ကိစ္စပါ၊ ဒါဖြင့် ဘာကြောင့် ကောင်းတာလုပ်မှ မကောင်းကျိုးပေးတာလဲဆိုရင် ...


၁. မကောင်းတာလုပ်နေတုန်းမှာ မကောင်းကျိုးတွေ ပေးတာကို သတိမထားမိတတ်ဘူး၊
၂. အကျိုးပေးချိန်ကို စောင့်နေတဲ့ မကောင်းတဲ့ ကံတွေဟာ ကိုယ်ကောင်းတာလုပ်တဲ့ အချိန်ကျမှ အကျိုးပေးခွင့်သာလို့ပဲ ဆိုတာ မှတ်သားရပါမယ်။


နောက်တစ်ခုက တစ်ကယ် ကောင်းကျိုးပေးနေတာနဲ့ ကိုယ်မျှော်လင့်နေတာနဲ့လည်း လွဲနေတာမျိုးဖြစ်တတ်ပါတယ်၊ ဥပမာပေါ့၊ လူတစ်ယောက်ဟာ ကုသိုလ်တွေလုပ်တယ်၊ လှူတယ်၊ တန်းတယ်၊ ပရဟိတအလုပ်တွေလုပ်တယ်၊ အဲလိုလုပ်နေရင်းနဲ့ပဲ တစ်ဘက်မှာ သူရဲ့ ကိုယ်ရေးကိုယ်တာတွေက ဆက်တိုက်ကျဆင်းလာတယ်၊ ကျန်းမာရေးသော်၎င်း၊ စီးပွါးရေးသော်၎င်း ဆက်တိုက်ဆိုသလို ကျဆင်းလာတယ်၊ ဒါပေမယ့် တစ်ဘက်ကကျတော့ သူလုပ်နေတဲ့ အများအကျိုးပြု လုပ်ငန်းတွေက အောင်မြင်ပြီးရင်း၊ အောင်မြင်နေ တယ်ဆိုပါစို့...ဒါဆို၇င် သူဘယ်လိုတွေးမလဲ...အတွေးမှားမယ်ဆိုရင်တော့ ငါက သူများအတွက်သာ လုပ်နေရတယ်၊ ငါ့အတွက်ကျတော့ ဘာကောင်းကျိုးမှ မပေးတဲ့ အပြင် မကောင်းကျိုးတွေတောင် ဆက်တိုက်ပေးနေသေးတယ်၊ ဘယ်မှာလဲ ငါ့အတွက် ကောင်းကျိုးက...စသည်အားဖြင့် တွေးမယ်ဆိုရင် သူ့ရဲ့ တစ်ကယ့်ကောင်းကျိုးပေးနေတာနဲ့ သူမျှော်လင့်နေတာက လွဲနေလို့ပါ၊ သူ အများအကျိုးအတွက် အလုပ်တွေလုပ်တယ်၊ အဲဒိလို အလုပ်တွေ လုပ်တဲ့ ကောင်းမှုက သူ့ကို ကောင်းကျိုးပေးပြီး ၊ နောက်ထပ်နောက်ထပ် အများအကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်အောင် ကောင်းကျိုးပြုနေတယ်...ဒါကို သူသတိမထားမိဘူး၊ သူ့အတွက် တစ်ချိန်က ပြုခဲ့တဲ့ မကောင်းကံတွေက အကျိုးပေးနေတယ်ဆိုတာကိုပဲ အပြစ်ရှာပြီး ကောင်းတဲ့ အလုပ်တွေနဲ့၊ အဲဒိအလုပ်တွေရဲ့ အကျိုပေး အပေါ်မှာ သံသယ ၀င်မိမယ်ဆိုရင်တော့ အလွန် နှမြောစရာကောင်းပါတယ်။


အဲဒိတော့ အကျိုးပေးနဲ့ပါတ်သက်လို့ သိသင့်တာလေးတွေ ပြောပြပါမယ်၊ လောကမှာ လူတိုင်း သိထားသလိုပေါ့၊ ခုအပင်စိုက် ခုအသီးစားချင်ရင်တော့ အဲဒိအပင်ဟာ ဘုရားစိုက်တဲ့ အပင်၊ နတ်စိုက်တဲ့ အပင်ဖြစ်မှ အဲသလိုရပါလိမ့်မယ်၊ လူတွေဟာ ကောင်းတာပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် ပြုလုပ်တဲ့ အချိန်မှာ ဖြစ်တဲ့ ဇော စိတ်အပေါ်မူတည်ပြီး အကျိုးပေးတွေ ကွာခြားနိုင်ပါတယ်၊ အဲဒိလို ကောင်းတာ၊ မကောင်းတာတွေလုပ်ပြီဆိုရင် များသော အားဖြင့် ဇော ၇ ကြိမ်စောတယ်လို့ စာပေမှာ ပြဆိုပါတယ်၊ ဇော ဆိုတာတော့ စိတ်ရဲ့ အရှိန် အဟုန်လို့ မှတ်သားနိုင်ပါတယ်၊ ပြုမူဆောင်ရွက်တဲ့ အခါမှာ ဖြစ်ပွါးတဲ့ စိတ်ရဲ့ အရှိန်အဟုန် ကိုဆိုလိုတာပါ၊ အဲဒိလို စိတ်ရဲ့ အရှိအဟုန်ဟာ ၇ ကြိမ်ဖြစ်ပါတယ်၊...


အဲဒိ ၇ ကြိမ်မှာ...
၁. ပထမဆုံးဖြစ်တဲ့  စိတ်ရဲ့  အရှိန်အဟုန်ဟာ ပြင်းထန်မဲ့မယ်ဆိုရင် ဒိဋ္ဌဓမ္မဝေဒနိယကံအဖြစ် ယခုဘ၀မှာ ချက်ခြင်း အကျိုးပေးပါတယ်။


ဒိဋ္ဌဓမ္မအကျိုးပေးဘို့ကတော့ အောက်ပါ အချက်တွေ ပြည့်စုံဘို့လိုပါတယ်...
၁) ဘုရား ရဟန္တာ ဖြစ်ခြင်း
၂) နိရောဓ သမာပတ်မှ ထပြီးသား အလွန်စင်ကြယ်သော ပုဂ္ဂိုလ်မျိုး ဖြစ်ခြင်း
၃) မိမိလှူဒါန်းသော ပစ္စည်း သန့် ရှင်း စင်ကြယ်ခြင်း
၎) ပထမဇော စေတနာ အားကြီးခြင်း



၂. သတ္တမ (နောက်ဆုံးဖြစ်တဲ့ ) စိတ်ရဲ့ အရှိန်အဟုန်ဟာ ထက်သန်ခဲ့မယ်ဆိုရင် ဥပပဇ္ဇဝေဒနိယ ကံအဖြစ်နဲ့ ဒုတိယဘ၀ကနေ စပြီး အခွင့်သာတဲ့ ဘ၀တွေမှာ အကျိုးပေးပါတယ်၊


၃. ဒုတိယ ဖြစ်တဲ့ စိတ်ရဲ့ အရှိန်အဟုန်ကနေ ဆဋ္ဌမစိတ်ရဲ့ အရှိန်အဟုန်များဟာ ထက်သန်ခဲ့မယ်ဆိုရင်တော့ အပရာပရိယ ဝေ
နိယကံ အဖြစ်နဲ့ တတိယဘ၀ကနေ နိဗ္ဗာန်မရ မချင်း အခွင့်သာတဲ့ အခါ လိုက်လံပြီး အကျိုးပေးမှာပါ၊ အကျိုးပေးတယ်ဆိုရာ မှာ ကောင်းကျိုးတင်မဟုတ်ပဲ၊ မကောင်းကျိုးပေးပုံတွေဟာလည်း ဒိအတိုင်း နည်းတူပါပဲ၊



အဲဒိလို နည်းတွေနဲ့ အကျိုးပေးခွင့်မသာလျှင်သော်၎င်း၊ မဂ်ကုသိုလ်နဲ့ ဖြတ်လိုက်လျှင်သော်၎င်း အဲဒိပြုခဲ့တဲ့ ကံတွေဟာ အဟောသိကံ အနေနဲ့ လုံးဝ အကျိုးမပေးတော့တာလဲ ရှိပါတယ်၊ ဥပမာအားဖြင့် အင်္ဂုလိမာလဟာ လူပေါင်းများစွာရဲ့ အသက်တွေကို သတ်ခဲ့တဲ့အတွက် မကောင်းကျိုးတွေဟာ ကြိမ်းသေကိုပေးဘို့ ရှိနေတာပါ၊ ဒါပေမယ့် သူဟာ ဒီဘ၀မှာပဲ အဲဒိမကောင်းကျိုးတွေကို မဂ်ကုသိုလ်နဲ့ ဖြတ်ပစ်လိုက်နိုင်တဲ့ အတွက် အဲဒိ မကောင်းမှု အကသိုလ်တွေဟာ သူ့ကို အကျိုးမပေးနိုင်တော့ပါဘူး။


အချုပ်အားဖြင့်တော့ မိမိတို့ အနေနဲ့ အလုပ်ကိုသာ မြင်နိုင်ပြီးတော့ အဲဒိအလုပ်ရဲ့ အကျိုးကိုတော့ ဘယ်နေ့၊ ဘယ်ရက် ၊ ဘယ်အချိန်မှာပေးမယ်ဆိုတာ မမြင်နိုင်ပါဘူး၊ ဒါကြောင့် မမြင်နိုင်တဲ့ အကျိုးပေးတွေကို အသာထားပြီး၊ ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ မြင်နိုင်စွမ်းတဲ့ ကောင်းတဲ့ အလုပ်တွေကိုပဲ ကြိုးစားပြီးလုပ်သွားမယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးတွေဟာ မြေကြီးလက်ခတ်မလွဲနိုင်တော့ပါဘူး.....


မှီငြမ်း=သင်္ဂြိုလ် ဘာသာဋီကာ -မဟာန္ဓာရုံဆရာတော်


မှတ်ချက်။  ။ ဤပို့စ်မှာ ဇောကို =စိတ်ရဲ့ အရှိန်အဟုန်ဟု၎င်း၊ ကံကို =ကောင်း၊ မကောင်း အလုပ်ဟု၎င်း ရေးသားထားပါသည်၊ ချွတ်ချော်မှားယွင်းမှုရှိပါက စာေ၇းသူ ရွှေဘုန်းရဲ့ တာဝန်သာဖြစ်ပါကြောင်း။


ရွှေဘုန်း (21.7.2012) 1:15 A.M

သီလရှင်ကို အမျိုးသားများ ရှိခိုးသင့်၊ မသင့်နှင့် အမျိုးသမီးများ ယုတ်ညံ့သည် ဆိုသည်မှာ မှန်၊ မမှန်

မြတ်စွာဘုရားက ဗုဒ္ဓတရားတော်ကိုလိုက်နာ ကျင့်ကြံသူတွေဟာ ဂါရ၀၊ နိဝါတ မင်္ဂလာနဲ့ ပြည့်စုံရမယ်၊ ကိုယ့်ထက် အသက်၊ ဂုဏ်ဝါ၊ ကြီးမြတ်သူကို အရိုအသေပြုခြခင်း၊ ရှိခိုးပူဇော်ခြင်းဟာ မင်္ဂလာ တစ်ပါးလို့ မင်္ဂလသုတ်မှာ ဟောတော်မူပါတယ်။

ကြီးမြတ်ခြင်းဆိုရာမှာတော့ အသက်အားဖြင့် ကြီးခြင်းလည်း ရှိမယ်၊ ဂုဏ်အားဖြင့် ကြီးခြင်းလည်း ရှိမယ်၊ သီလ သိက္ခာအားဖြင့် ကြီးမြတ်ခြင်းလည်း ရှိမယ်ပေါ့၊ ဒီနေရာမှာ ဘယ်အရာကြီးတာကို ပူဇော်ရမှာလဲဆိုတော့ သူ့လောကနဲ့ သူတော့ ကွဲပြားမှု ရှိပါတယ်၊ သာမာန် လူ့လောကမှာဆိုရင် မိမိတို့ထက် အသက်ကြီးတဲ့ သူကို အရိုအသေပေးရမယ်၊ ပူဇော်ရမယ်လို့ မိန့်တော်မူပါတယ်။


သို့သော်လည်း သာသနာလောကမှာတော့ မတူတော့ပါဘူး၊ အသက်ကို မကြည့်ပဲ၊ သီလသိက္ခာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကို ပူဇော်ရပါမယ်။ ဒါကြောင့် အသက်အရွယ် ၇၀၊ ၈၀ အရွယ် ရောက်နေတဲ့ တောထွက် ရဟန်းကြီးတွေဟာ မိမိတို့ရဲ့ အသားအရွယ်၊ မြေးအရွယ် ရဟန်းတော်လေးတွေကို ရှိခိုးပူဇော်နေကြတာပါ။ ဒါဟာ လူကို ပူဇော်တာ မဟုတ်ပဲ၊ သီလနဲ့ သာသနာကို ပူဇော်ခြင်းသာ ဖြစ်ပါတယ်။
ခုခေတ်မှာ သီလရှင်ကို ယောက်ကျားတွေ ရှိခိုးသင့် ၊ မသင့်ဆိုတာကို မကြာခဏ၊ ဆိုသလို အမေးခံရပါတယ်၊ သူတို့ထင်တာတော့ မရှိခိုးသင့်ဘူး၊ ရှိခိုးမိရင် ဘုန်းကံများ နိမ့်မလားလို့ ထင်နေပုံရပါတယ်။ ဒီအထင်ဟာ ဘာကို အခြေခံလည်းဆိုတော့ မိန်းမဟာ ယောက်ကျားထက် ယုတ်ညံ့တယ် ဆိုတဲ့ အယူအဆ အတွေးအခေါ် အပေါ်မှာမူတည်ပါတယ်။ ဒါကို တစ်ချို့ အမျိုးသမီးများ ကိုယ်တိုင်ပင် လက်ခံထားတာ တွေ့ရပါတယ်၊ ဒါဟာ ဘာကြောင့်လည်း ဆိုတော့ သူတို့ဟာ အရိုးစွဲနေတဲ့ ရှေးဟောင်း အယူအဆများရဲ့ သားကောင်ဖြစ်နေကြရလို့ပါပဲ။
 



ပထမဆုံး မိန်းမများဟာ ယုတ်ညံ့ခြင်း ရှိ၊ မရှိဆိုတာကို အရင်ရှင်းပါမယ်။ ဒီအယူအဆဟာ ဗုဒ္ဓဘာသာဝင်တွေ အတွင်းမှာ ပြန့်ပွါးနေတဲ့ အယူအဆဆိုတော့ ဒါကို ဗုဒ္ဓမြတ်စွာက ပဲ ဟောသလိုလို ထင်မှတ်နေကြပါတယ်၊ အခြားဘာသာဝင်တွေဘက်က ကြည့်ရင် တိုက်ခိုင်စရာ ဟာကွက်တစ်ခုလို ဖြစ်နေတာပေါ့၊ တစ်ကယ်တော့ မြတ်စွာဘုရားက မိန်းမဟာ ယောက်ကျားထက် ယုတ်ညံ့တယ်ရယ်လို့ ဘယ်တုန်းကမှ မဟောပါဘူး။ ယောက်ကျား စာသင်ရင် တတ်သလို၊ မိန်းမ စာသင်ရင်လည်း တတ်တာပါပဲ၊ လောကုတ္တရာဘက်ကို ကြည့်ရင်လည်း ယောက်ကျား ၀ိပဿနာ ပေါက်မြောက်အောင် အားထုတ်ရင် နိဗ္ဗာန်ရနိုင်သလို၊ မိန်းမလည်း ဒီလို အားထုတ်ရင် ရနိုင်တာပါပဲ။
 


ဒါဆိုရင် ဘာလို့ ဒီအယူ အဆပေါ်လာတာလဲဆိုတော့ မြန်မာတွေရဲ့ နေထိုင်မှု စနစ်နဲ့ ရှေးဟောင်း အတွေးအခေါ်တွေပေါ်ပဲ မူတည်ပါလိမ့်မယ်၊ မြတ်စွာ ဘုရား မဟောတာတော့ သေချာပါ တယ်၊ မြတ်စွာဘုရားက အမျိုးသမီးတွေဟာ ယောက်ကျားတွေ ထက် စွမ်းရည် သတ္တိခြင်းသာ ကွာခြားမှု ရှိတယ် လို့သာ ဟောတော်ပြီး၊ အဆင့်အတန်းအားဖြင့် ယုတ်ညံ့ပါတယ် လို့ ဟောတော်မမူပါဘူး။
 


မိန်းမများ မရနိုင်သော အစွမ်းသတ္တိများ
*************************
အဂုင်္တ္ထရနိကာယ် ဧကနိပါတ ပါဠိတော်မှာ မိန်းများ မဖြစ်နိုင်သော ဘ၀များကို မြတ်စွာဘုရား ဟောထား တာပါရှိပါတယ်...အဲဒါတွေကတော့
၁.မိန်းမဟာ ဘုရားမဖြစ်ကောင်းဘူး၊
၂.မိန်းမဟာ စကြစတေးမင်း မဖြစ်ကောင်းဘူး၊
၃.မိန်းမဟာ သိကြားမင်း မဖြစ်ကောင်းဘူး၊
၎.မိန်းမဟာ မာရ်မင်း မဖြစ်ကောင်းဘူး၊
၅.မိန်းမဟာ မဟာဗြဟ္မာကြီး မဖြစ်ကောင်းဘူး။
ဒါတွေဟာ အမျိုးသမီးတွေ မရနိုင်တဲ့ ဘ၀တွေပါ၊ ဘာလို့ ဒါတွေကို မရနိုင်တာလဲဆိုတော့ အဆင့်တန်း နိမ့်လို့ မဟုတ်ပါဘူး၊ စွမ်းရည် သတ္တိမတူလို့ပါ၊ ကြည့်ကြည့်ပါ၊ အမျိုးသမီးဟာ အမျိုးသားထက် အလုံးအထည် အရပ်အမောင်း သေးသိမ်ပါတယ် (အနည်းအကျဉ်းကို ကြည့်ပြီး စကားမကပ်စေချင်)၊ မိန်းမဟာ စာသင်ရင်တတ်တယ်၊ သို့သော်လည်း အမျိုးသားလောက် မထူးချွန်ဘူး၊ 



ဥပမာအားဖြင့် ကမ္ဘာမှာ အမျိုးသား ပညာရှင်တွေနဲ့ အမျိုးသမီး ပညာရှင်တွေကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသားတွေက ပိုများပြီးတော့ အဲဒိ အတော်ဆုံးခြင်းတွေ ယှဉ်လိုက်မယ်ဆိုရင်လည်း အမျိုသားက သာပါတယ်၊ လက်ရုံးရည် သူရဲကောင်းတွေဆိုရင်လည်း ဒီလိုပါပဲ၊ အခြားအခြားသော အမျိုးသားတွေသာ စွမ်းနိုင်ပြီးတော့ အမျိုးသမီးတွေ မစွမ်းနိုင်တဲ့ အရာတွေ များစွာ ရှိပါသေးတယ်၊ ဒါတွေဟာ ဘာဝ အားဖြင့် စွမ်းရည် မတူကြလို့သာ ဖြစ်ပြီး၊ အဆင့်အတန်းအားဖြင့် ယုတ်နိမ့်ခြင်းကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားပါပြီ။
 


သီလရှင်ကို ယောက်ကျားတွေ ရှိခိုးသင့်၊ မသင့်ဆိုတာ ဆက်လက်ပြီး ရှင်းပြပါတော့မယ်၊ အဲဒါကို မရှင်းခင် သီလရှင် စတင်ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်းမျှကို အရင်သိထားဘို့လိုပါမယ်၊ မြတ်စွာဘုရား လက်ထက်တော်အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး အမျိုးသမီးသာသနာ စတင်ပေါ်ထွန်းခဲ့ပါတယ်၊ စာလိုပေလိုတော့ ဘိက္ခူနီ သာသနာလို့ ခေါ်တာပေါ့၊ အဲဒိသာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း ငါးရာလောက်မှာပဲ အပြီးပိုင် ကွယ်ခဲ့ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ထိမ်းသိမ်းနိုင်သူ၊ မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။
 



မြန်မာနိုင်ငံတွင် သာသနာနှစ် ၉၀၀-၁၄၀၀ အတွင်းမှာ အမျိုးသမီးတွေ သာသနာတော်အတွင်း ၀င်ရောက်လာခြင်းမှ စ၍ သီလရှင် သာသနာစတင်ပေါ်ထွန်းခဲ့ပါတယ်၊ ဘုန်းဘောင်ခေတ် အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ ညီမရင်း  အလွန်နာမည်ကြီးတဲ့  သီလရှင် မယ်ကင်း (ဘွဲ့ အမည် မယ်ခေမာ)ရဲ့ ကြိုးစားအားထုတ် မှုကြောင့် မြန်မာနိုင်ငံ သီလရှင် သာသနာဟာ ထွန်းတောက်လာခဲ့ပါတော့တယ်..ဒါဟာ သီလရှင် သာသနာသမိုင်း အကျဉ်းချုပ်ပါ၊
သီလရှင်တွေဟာ သီလရှင်ဝတ်ပြီဆိုတာနဲ့ ရဟန်းတော်တစ်ပါးပါး ထံမှာ ရှစ်ပါး၊ သို့မဟုတ် ကိုးပါး သီလကို ခံယူဆောက်တည်ကြရပါတယ်၊ သီလရှင် အချင်းချင်းထံမှာ သီလရှင် ၀တ်လို့မရပါဘူး၊ သီလရှင်ဖြစ်ပြီဆိုတာနဲ့ လိင်ဆယ်ပါး၊ ဒါဏ်ဆယ်ပါး၊ သေခိယ ၇၅ ပါး စတဲ့ ကျင့်ဝတ်တရားတွေကို စောင့်ထိန်းကြဘို့ ဆရာတော်က မိန့်ကြားရပါတယ်။
 


ဒါဆိုရင် သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်၊ မသင့်ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်၊ ဗုဒ္ဓသာသနာတော်မှာ ရှိခိုးပူဇော်ခြင်းဆိုတာဟာ သီလနဲ့ သာသနာတော်ကိုသာ ရှိခိုးပူဇော်တာ ဖြစ်ပြီး ၊ ပုဂ္ဂိုလ်ကို အဓိထားတာ မဟုတ်ပါဘူး၊ များသောအားဖြင့် ငါးပါးသီလသာ စောင့်ထိန်းကြတဲ့ အမျိုးသားတွေဟာ သီလရှင်တွေကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့စောင့်ထိန်းထားတဲ့ သီလသိက္ခာတွေ ၊ ကျင့်ဝတ်တရားတွေကို ပူဇော်တယ်လို့ သဘောထားပြီး ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်တွေပွါးများနိုင်ပါတယ်၊ ထို့အပြင် မိန်းမတွေဟာ ယောက်ကျားတွေထက် ယုတ်ညံ့တယ်ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက် ကိုယ့်ထက် အသက်၊ သိက္ခာကြီးမားတဲ့ အမျိုးသမီးတွေ၊ သီလရှင်တွေကို ကန်တော့ခြင်းဟာ ဘုန်းနိမ့်တယ်ဆိုတာ မမှန်ကန်ပါဘူးလို့ ရှင်းပြရင်း နိဂုံးချုပ်လိုက်ရပါတယ်....
 


ကိုးကား=တည်တော ဆရာတော်ကြီး၊ ဗုဒ္ဓ၀ါဒ အမေးအဖြေများ (အတွဲ-၂) ဘိက္ခူနီ သာသနာနှင့် သီလရှင် သမိုင်း (ဆရာတော် ရဝေထွန်း)
 


အေးချမ်းပါစေ....
 


ရွှေဘုန်း (19.7.2012) အာဇာနည်နေ့

ရဟန်းနှင့် ချေးငွေ


***********

ရဟန်းတော်လောကမှာ အတိုးငွေချေးစားသော ရဟန်းတွေလည်း မြင်ဘူးသည်၊ ချဲ၊ နှစ်လုံး သုံးလုံး ပေး၍ ကြီးပွါးနေသော ရဟန်းတွေလည်း တွေ့ဖူးသည်၊ အတိုးပေးသော ရဟန်းသည် နောက်တော့ အကြွေးမရလို့ ရပ်ကျော်၊ ရွာကျော်ဖြစ်..ကျော်မကောင်း ကြားမကောင်း သာသနာတော်ရဲ့ ဂုဏ်ထိခိုက်သော အဖြစ်တွေလည်း မြင်ဖူးသည်၊ သို့သော် ဒါတွေဟာ ပုဂ္ဂိုလ်ရဲ့ မစင်ကြယ်မှုတွေသာ ဖြစ်၍ သာသနာတော်ရဲ့ တာဝန်မဟုတ်ပေ...။


ရန်ကုန်မှာတုန်းက ကိုရင်တစ်ပါးနဲ့ ဆွမ်းခံအတူကြွတယ်၊ ဆွမ်းခံတစ်အိမ်က ချဲဂဏန်း အမြဲတောင်းသည်၊ ရွှေဘုန်းနဲ့ အတူကြွတဲ့ ကိုရင်က အမြဲချဲဂဏန်တွေပေးပါသည်၊ အဒိတော့ ရွှေဘုန်းက မေးတယ်...


" ကိုရင် မင်း ချဲဂဏန်းတွေ နေ့တိုင်းပေးနေတာ ဘယ်ကရလို့လည်း၊ မှန်ရော မှန်လို့လား"...


" ဟာ...ဦးဇင်းကလည်း ဘယ်ကရရမှာလဲ၊ ဒီလိုပဲ ပါစပ်ထဲရှိတာ လျှောက်ပြောတာပဲ၊ ကြက်ကန်းတိုးပြီး မှန်တဲ့ အခါလည်း မှန်သွားတာပေါ့."..တဲ့။


ကောင်းရော...မှန်...မမှန်တော့ မသိဘူး၊ သေချာတာတော့ အဲဒိအိမ်က ချဲဂဏန်းပေးတဲ့ ကိုရင်ကို ပိုပြီး ဂရုစိုက်တယ်၊ ကိုယ့်ကို တစ်ရာဆိုရင် ကိုယ်ရင်ကို နှစ်ရာ၊ ပိုက်ဆံတောင် ကိုယ့်ကို အနွမ်းဆိုရင် ကိုရင်ကို အသစ်ကလေး လှူတယ်၊ ဆွမ်းဟင်းလည်း ဒီလိုပဲ၊ ကွာတယ်၊ အကြည်ညိုလွဲကြတာတွေပေါ့...ခုတော့ အဲဒိကိုရင်က လူထွက်ပြီး ကားဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်နေတာ မနှစ်က ပြန်တော့ တွေ့ခဲ့တယ်လေ။


ရဟန်းကြောင့် ဒကာ၊ ဒကာမတွေ ပျက်ဆီးတတ်သလို၊ ဒကာ၊ ဒကာမတွေ တစ်လွဲလုပ်ရင်လည်း ရဟန်းတွေ သီလပျက်ဆီးတတ်တာပါပဲ...


နွေတုန်းက ရွှေဘုန်းကြည့်ရှု ဆောင့်ရှောက်ထားတဲ့ ကျောင်းသားလေး တစ်ယောက်ရဲ့ မိခင် ငှက်ပြောကြော်ထုပ်လေးတွေ ကိုင်ပြီး ရောက်လာတယ်...လိုရင်းကတော့ အရှင်ဘုရား၊ တပည့်တော်တို့ကို နှစ်သိန်းလောက် ခဏ ကြည့်ထားပါဘုရား...တဲ့။


ခေါင်းတောင် ကြီးသွားတယ်...ပြောလိုက်တယ်...
" ဒကာမကြီး ၊ ကလေးကို ထောက်ပံ့လို့၊ အလှူတွေလုပ်၊ စာကြည့်တိုက်ကြီးတွေ သိန်းရာချီဆောက်နေလို့ အထင်မကြီးနဲ့...ဒကာမကြီး၊ အဲဒါ သူများလှူတာတွေနဲ့ ပြန်လှူတာ၊ ဦးဇင်းမှာ ကိုယ်ပိုင်သုံးဘို့ လက်ထဲ မြန်မာငွေ ငါးသောင်းပြည့်အောင် မရှိတဲ့ အချိန်ကများတယ်၊ ထိုင်းမျာနေလည်း လက်ထဲ ဘတ်တစ်ထောင် ပြည့်အောင် ရှိခဲတယ်။ ကလေးကို ထောက်ပံ့တာကလည်း ပညာရေးမို့ ၀ိနည်းလွတ်ထောက်ပံ့တာ..."


ဒါနဲ့ပဲ ပုံပြင်လေး တစ်ပုဒ်ပြောပြလိုက်တယ်
**************************
တစ်ခါက မိအေးလို့ ခေါ်တဲ့ ဒကာမတစ်ယောက် ငါးခြောက်ပြားလေး တစ်ပြားကိုင်ပြီး ရွာဦးကျောင်း ဆရာတော်ဆီရောက်လာတယ်၊ ငါးခြောက်ပြားလေး ဆရာတော်ကြီးရှေ့ကိုချ၊ ဆရာတော်ကြီးကို ကန်တော့ပြီး လျှောက်တာက ဆရာတော်ဘုရား တပည့်တော်ကို ဆရာတော် လည်ရင် ပိုက်ဆံလေး နည်းနည်းချေးပါ..ဘုရား...တဲ့။


အဲဒိတော့ ဆ၇ာတော်ကြီး မိန့်တယ်..ဟဲ့..မိအေး...ငါ့ကို လှူထားတဲ့ ၀တ္ထုတွေက ငါ သာသနာပြုဘို့ ဆိုပြီး လှူထားတာတွေကြီးပဲ၊ နင့်ကို ချေးဘို့ လှူထားတာ မပါသေးဘူး၊ အေး ဒီတစ်ခါ အလှူရှင်တွေ ရောက်လာမှ ငါ မိအေးကို ချေးချင်လို့ ပြောပြီး အလှူခံကြည့်မယ်...ရတော့လည်း နင့်...ချေးတာပေါ့ဟာ...လို့ မိန့်လိုက်ပါလေရော...


အဲဒိမှာတင် မယ်မိအေးတို့ ဆရာတော်ကြီး ရှေ့ချထားတဲ့ ငါးခြောက်ပြားကို ဆတ်ခနဲပြန်စွဲယူပြီး၊ ဆောင့်ဆောင့် ဆောင့်ဆောင့်နဲ့ ကျောင်းပေါ်က ဆင်းသွားပါလေရော...တဲ့။


ပုံပြင်လေး ဆုံးတော့ ပုံဆံချေးတဲ့ ဒကာမကြီးလည်း စာကြည့်တိုက်ပေါ်က ဆင်းသွားပါတယ်၊ အော်...သူကတော့ ငှက်ပြောကြော်ထုတ်လေးတွေ ပြန်ယူမသွားဘူး၊ ထားခဲ့တယ်၊ သူက မိအေးထက်သာတယ်....။

 
 ဆရာ၊ ဒကာ သာယာ ကြပါစေ...


ရွှေဘုန်း (18.7.2012)

ဘုရားကို အသုံးချ၍ အတ္တလှေကား မိုးထိအောင်ထောင်သူများ


 
 
 
ဒကာ = တပည့်တော်တော့...ကာလာမသုတ်ကို ထောက်ပြီး...အရှင်ဘုရားတို့ ပြောတာ လက်မခံဘူးဘုရား၊ ဒါလည်း အရှင်ဘုရားတို့ ဆရာ ဘုရားကပဲ ဟောခဲ့တာပဲ၊ ဘယ်သူပြောတာမှ မယုံနဲ့...လို့...။

 
ဗုဒ္ဓဓမ္မကို ကိုယ်လိုရာဆွဲ၍ ဘုရားကိုပင် ခုတုံးလုပ်လေပြီ။

 
ရွှေဘုန်း = ခဏလေး ဒကာကြီး၊ အဲဒါ ဒကာကြီးက တရားတော်ကို ကိုယ်လိုတဲ့ဘက်ဆွဲပြီး အသုံးချမှုမှားတာပဲ၊ ကာလာမသုတ်မှာ မြတ်စွာဘုရားက " မယုံနဲ့ " လို့ တစ်ခွန်းတည်းပြောတာ မဟုတ်ဘူး၊ " ကျင့်ကြည့်ပါ " လို့ ...ပါတယ်၊ မယုံတာနဲ့တင် ရပ်မထားနဲ့ ကျင့်ကြည့်ဦး၊ ကိုယ်တိုင် အဲဒိတရားကို ကျင့်ကြည့်ပြီးမှ အကျိုးရှိတယ်၊ မရှိဘူး၊ ယုံတယ်၊ မယုံဘူးဆိုတာ အပြီးသတ် ဆုံးဖြတ်ရမှာ...ဒကာကြီးက ဘယ်သူဟောဟော မယုံဘူးပြောနေပေမယ့်...အဲဒိတရားတွေကို ဒကာကြီး ကျင့်ပြီးပလား...

 
ဒကာ = ? ? ?

 
ရွှေဘုန်း = အော် ဒကာကြီးက မကျင့်ရသေးပဲကိုး၊ မကျင့်ရသေးပဲ ၊ ကာလာမသုတ်ကိုင်ပြီး၊ ဘယ်ဟာမှ ဘုရားက မယုံခိုင်းဘူးပြောနေတာတော့ ဘုရားကို ခုတုံးလုပ်ရာ ကျပါတယ်... ဒကာကြီး၊ ကိုယ်တိုင် မကျင့်ပဲ ဘာမှ မယုံဘူးလို့ ပြောနေတာဟာ ဘာအလုပ်မှ ကိုယ်တိုင် မလုပ်ပဲ ဘေးကနေ တောက်လျှောက် ကန့်လန့်ပြောနေတာနဲ့ တူပါတယ်...ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးနည်းပါတယ်...ဒါကြောင့် ဗုဒ္ဓဓမ္မနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတဲ့ ဒီနှစ်ခုကိုတော့ တစ်လွဲ အသုံးမချမိဘို့ မေတ္တာရပ်ခံချင်တာပါပဲ....။

 
ရွှေဘုန်း (15.7.2012)

လူငယ်နှင့် ကိုယ်ပိုင် လွတ်လပ်ခွင့်



ရန်ကုန်မှာနေတုံးက ဆွမ်းခံအိမ်က ၁၆-နှစ်အရွယ် လူငယ်လေး တစ်ယောက် ရပ်ကွက်ထဲက ကလေးမလေးကို မခံချင်အောင် စနောက်နေ၍ အိမ်ကို လာပြီး အတိုင်ခံရသည်၊ မိဘများမှ " ဘုန်းဘုန်း ဆုံးမပါဦးဘုရား...ဘုန်းဘုန်းတပည့်ကြောင့် တပည့်တော်တို့ အရှက်ရ ရတယ်.." ကလေးကလည်း ရွှေဘုန်းနဲ့ ရင်းနှီးနေတယ်လေ..

 
ရွှေဘုန်း = သား၊ ခဏလာဦးကွာ၊ ဘုန်းဘုန်းတို့ နည်းနည်းလောက် ဆွေးနွေးလိုက်ရအောင်။

 
ရွှေဘုန်း = သား၊ အဲဒိမိန်းကလေးကို တစ်ကယ် သဘောကျလို့လား...။

 
လူငယ် = မကျပါဘူး...ဘုန်းဘုန်း။

 
ရွှေဘုန်း = သားက သူ့ကို သဘောမကျပဲ ဘာလို့ မခံချင်အောင် စရ၊ နောက်ရတာလဲ။

 
လူငယ် = ဒါကတော့ ဘုန်းဘုန်းရယ်၊ လူငယ်တွေပဲ၊ ဒီလောက်တော့ လွတ်လပ်ခွင့် ရှိရမှာပေါ့။

 
ရွှေဘုန်း = ဟုတ်ပြီ၊ သားပြောတာ ဘုန်းဘုန်း လက်ခံတယ်၊ ဆက်ပြောပါဦး သား၊ လွတ်လပ်ခွင့်ဆိုတာကို သားဘယ်လို လက်ခံထားလဲ...။

 
အတန်ကြာ တိတ်နေသည်၊ တော်တော်ကြာတော့...

 
လူငယ် = ကိုယ်နေချင်သလို နေတာ လွတ်လပ်ခွင့်လို့ သားထင်တယ်။

 
ရွှေဘုန်း = ဘုန်းဘုန်းရှင်းပြမယ်နော်၊ "လွတ်လပ် " ဆိုတာမှာ "လွတ်"ဆိုတာရယ်၊ " လပ်" ဆိုတာရယ် စကားလုံး နှစ်လုံးပါတယ်၊ ဆိုလိုတာကတော့ကွာ သားရဲ့ လွတ်လပ်မှုဆိုတာ တစ်ကယ်ကို လွတ်လွတ်လပ် ဖြစ်နေရမယ်၊ မလပ်တဲ့ နေ၇ာမှာ လွတ်လို့မရဘူး၊ ဥပမာကွာ၊ သား လမ်းသွားတယ်၊ ဘာနဲ့မှ မထိ၊ မခိုက်ပဲ သားသွားနိုင်ရင် စိတ်ချမ်းသာပြီး၊ တစ်ကယ် လွတ်လပ်တာပဲ၊ တစ်ကယ်လို့ တစ်စုံတစ်ရာနဲ့ ထိမိ၊ ခိုက်မိနေပြီဆိုရင် သားရဲ့ သွားလာမှုဟာ မလွတ်လပ်တော့ဘူးလေ၊ အဲလိုပဲ သားရဲ့ အပြုအမူတွေဟာ သူတစ်ပါးရဲ့ ကိုယ်၊ စိတ်ကို ထိမိ၊ ခိုက်မိသွားပြီဆိုရင် ဘယ်လိုလုပ် လွတ်လပ်တော့မလဲ သားရဲ့၊ ကြည့်လေ ခုပဲ သား၊ အတိုင်ခံရပြီ၊ သားထင်တဲ့ လွတ်လပ်မှုဆိုတာဟာ သူတစ်ပါးကို ထိမိ၊ ခိုက်မိလိုက်တာနဲ့ ခုသားကို ပြန်ပြီး အပြစ်ဆိုတာနဲ့ ချည်နှောင်ခံရပြီ...ကဲ..သားရဲစိတ်တွေ ဘယ်မှာ လွတ်လပ်တော့လို့လဲ...ဘုန်းဘုန်းပြောတာ သားနားလည်လား...။

 
လူငယ် = တင်ပါ့ ဘုန်းဘုန်း၊ သား နောက်ဆင်ခြင်ပါ့မယ်

 
 
လူငယ်လေးတွေကို ရွှေဘုန်း သိပ်ချစ်သည်၊ သူတို့လမ်းလေးတွေ သာယာစေချင်သည်။

 
မေတ္တာဖြင့် ရွှေဘုန်း (15.7.2012

နွေထက်ပူသော နွေ

"ပူသည်''


"ဒီနွေ တော်တော်ကို ပူပါသည်''



ဧပရယ်နွေသည် ပြင်းပြစူးရှသော နေရောင်ခြည်နှင့် အတူ ဖုန်မှုန့်များ၊ သဲမှုန့်များ၊ ဆူညံသံများရဲ့ အကူအညီ နဲ့ နှစ်ဆသဲကာ ပူချင်တိုင်း ပူနေပါတော့သည်။ ထိုအပူထက် အဆပေါင်း ရာထောင်မက ပူနေသော အပူသည်ကား ရင်ထဲက သောက အပူ၊ အပြင်က အပူနှင့် ရင်က အပူပေါင်းလိုက်သော အခါ လောက သည် နေချင်စဖွယ် မကောင်းတော့ချေ...။ မြင်သမျှသည် မျက်စိထဲမှာ မတင့်တယ်၊ ကြားသမျှသည် နားထဲမှာ အကုန် စူးရှပြင်းထန်လို့ နေသည်။


"ဟောဒီမှာ ပြောင်းဖူးပြုတ် ပူပူလေးရမယ်နော်''...(အော်...ပူရတဲ့ အထဲ) 


"ငုံးဥပြုတ်တွေ၊ ငုံးဥပြုတ်တွေ၊ တစ်ထုပ်ကို ငါးဆယ်၊ အိမ်ရောက်ရင် စားကြည့်၊ မကောင်းရင် ပိုက်ဆံ တစ်ပြားမှ မပေးနဲ့...''


ကြားနေကျ အသံတွေတောင် နားထဲမှာ ကန့်လန့်ဖြစ်လို့နေသည်။


ဟိုင်းဝေးကားရပ်ထားရာ ခပ်လှမ်းလှမ်းက စားသောက်ဆိုင်တွင် လူငါးယောက်ခန့် ဒီလောက်ပူလောင်ရတဲ့ အထဲ သုရာရည်များ သောက်သုံး၍ အသံကျယ်ကျယ်လောင်လောင်ဖြင့် စကားများပြောနေကြသည်၊ ဒီခရီး ဒီလမ်းကို သွားတိုင်း မြင်နေကျပေမယ့် ဒီတစ်ခါတော့ မသတီစရာအဖြစ်မြင်မိသည်၊ အော်...တစ်ကယ်တော့ ကိုယ့်ရဲ့ အတွင်းဓါတ်ခံက မကောင်းဖြစ်နေလေတော့ မြင်သမျှ အပြစ်ကြီး မြင်မိတော့သည်၊ နေရာသည် ကား အဝေးပြေးကားများ ရပ်နားရာ ကားရပ်နားကွင်းဖြစ်လေသည်။


ဒီခရီး၊ ဒီလမ်းကို ထွက်ခဲ့တာသည် တစ်ကယ် မှန်ကန်သော ခရီးတစ်ခုရော...ဟုတ်ရဲ့လား ဆိုတာ ကိုယ့် ကိုယ်ပင် မသေချာချေ၊ ငါ တစ်ကိုယ်ကောင်းဆန်ရာများ ကျနေမလား...အလှူအတွက် စီစဉ်စရာများ ရှိသည် ဟု အကြောင်းပြပြီးထွက်ခဲ့သည်၊ ဒါဟာ တစ်ကယ့်ကို လုံလောက်တဲ့ အကြောင်းပြချက် ဟုတ်ရဲ့လား ဆိုတာ မိမိကိုယ်ပင်မိမိ အာမမခံနိုင်ချေ၊ နောက်ကြောင်းမှာ ကျန်ခဲ့သည်ကား အာရှတော်ဝင် ဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ ရောဂါအခြေနေ မသက်သာသေးတဲ့ ချစ်လှစွာသော အမေ၊ သူနဲ့ အတူ ကိုယ့်လောက် ပင် လည်လည် ၀ယ်ဝယ် မရှိသော အစ်မများ၊ ပြင်းထန်လှသော ဝေဒနာခံစားနေရသည်ကို မကြည့်ရက် လို့  ခေတ္တအကြောင်းပြချက်ဖြင့်များ ထွက်ခွါခဲ့တာလား...ဒါဟာ သူတို့အတွက် တရားပါ့မလား.... ဆိုတာ ကို တွေး မိတိုင်း ကိုယ့်ကိုယ် အားမလို အားမရဖြစ်မိသည်။


ဟိုး..ယခင်က အမြဲမြင်ချင်နေခဲ့သော အမေ့ မျက်နှာ၊ အတော်ဆုံး တေးသံရှင်ရဲ့ အသံထက် သာယာခဲ့သော အမေ့ အသံ...ဒီအသံ ဒီအဆင်းတွေကို မကြားရက် မမြင်ရက်လောက်အောင် ရင်ထဲမှာ ခံနိုင်ရည် မဲ့ခဲ့ပြီလား ...အမေ့အသံကြားတိုင်း၊ အမေ့သတင်းကြားတိုင်း ၀မ်းသာအားရဖြစ်ခဲ့ရသော အဖြစ်တွေပါ၊ ခုတော့ အဝေးမှ အမေလို့ အသံကြားတာနဲ့၊ အမေဘာဖြစ်လို့လဲ၊ အမေ ဘာများဖြစ်သွားပြီလဲ စသော လဲပေါင်းများစွာက တစ်စက္ကန့်တွင်းမှာပင် အကြမ်ပေါင်းများစွာ ထမင်းလုံး တစ္ဆေခြောက်သလို ခြောက်တော့သည်၊ 


"သားလေး အမေ ထွန်တုံးပိတ်မှ တစ်ခါ ထပ်လာခဲ့မယ်နော်..."
ငယ်စဉ် စာသင်သားဘ၀က အမေ့ကို တွေ့တိုင်း...
" အမေဘယ်တော့ လာဦးမလဲ " လို့ မေးရင် အမေက ဒီလိုပဲ ဖြေတတ်သည်။


ထွန်တုံးပိတ်တာ ဘယ်တော့မှန်း မသိပေမယ့် ထွန်တုံးပိတ်ချိန်ကို မျှော်လင့်ခဲ့ရသည်၊ အုံးသီးစားချင်တော့ သူများခူးတာကို ထိုင်စောင့်မိလို့ အပြစ်ပေးခံခဲ့ရစဉ်က ဘာမှမသိပဲ အုံးသီးလေး ပိုက်ပြီး ကျောင်းကို တိုက်တိုက်ဆိုင်ရောက်လာခဲ့ဖူးတဲ့...အမေ၊ ဒီတုန်းက အမေဆိုတာ သားသမီးရဲ့ အဖြစ်အပျက်ကို စိတ်ချင်းဆက်ပြီး သိများနေရော့သလား...လို့ တွေးမိသေးသည်၊ တွေးနေရင်း အမြင်တွေေ၀၀ါးကုန်သည်၊ ယဉ်ရပ်နားရာ စခန်းမှ ကားကြီးရှေ့သို့ ဆက်လက်ထွက်ခွါသည်၊ အတွေးတွေကတော့ ကားနဲ့ ဆန့်ကျင်ဘက် မဝေးသေးတဲ့ အတိတ်ဆီသို့.....


လွန်ခဲ့တဲ့ ဆယ့်ငါးရက်ခန့်...ဘန်ကောက်မြို့ရဲ့ လမ်းမကြီးပေါ်က တက္ကစီပေါ်မှာ ရောက်နေစဉ်...ဖုန်းဝင် လာသည်၊ 


" ဘုန်းဘုန်း တပည့်တော်...ယူအေအီး ကပါဘုရား.."


"ဟုတ်ကဲ့၊ ပြောပါ ဒကာလေး.."


"ဘုန်းဘုန်း၊ မြန်မာ နိုင်ငံက မပန်းအိက ဖုန်းဆက်ပါတဲ့..."


"အော်...ဒကာလေး  ဘုန်းဘုန်းက ခုကားထဲရောက်နေတယ်၊ ပြီးတော့ မြန်မာနိုင်ငံက ဖုန်းလိုင်းလည်း မကောင်းဘူး၊ ဒကာလေး သိရင် ဘာအကြောင်းများလဲ ပြောလိုက်ပါလား..."


"ဟို...ဘုန်းဘုန်း... အမေလေဖြတ်လို့..တဲ့..."


နားထဲမှာ လူတစ်ယောက်ရဲ့ အသံလို့ မထင်လိုက်ပေ၊ နွေလယ်ခေါင် မိုးခြိမ်းသံလို ကြားလိုက်ရသည်။ ဘန်ကောက်မြို့ရဲ့ လမ်းမကြီးသည် ငြိမ့်ညောင်းမှု မရှိတော့ချေ၊ အေးစက်လွန်းတဲ့ ကားအဲကွန်းသည် ချက်ခြင်း ငရဲခန်းထဲရောက်သလို ဖြစ်သွားသည်၊ အလွန်ခေါ်ရခက်သော မြန်မာပြည်ဖုန်းကို သုံးခါတိုင် တိုင် ခေါ်ပြီးမှာတော့ အစ်မနှင့်တွေ့သည်....


"အစ်မ၊ အမေ...ဘာဖြစ်တာလဲ...''


"လေဖြတ်တာ ဦးဇင်း..."


"ခုဘယ်လိုနေလဲ..."


"ခုကတော့ အခြေနေက ဘာမှန်း မသိသေးဘူး..."


"ဟာ...ဆေးရုံသွားကြလေ...ဘာလုပ်နေကြတာလဲ...''
စိုးရိမ်စိတ်နဲ့ အသံက ဒေါသတွေပါကုန်သည်၊ အခက် အခဲတွေ၊ ပညာရေးတွေ အားလုံးပစ်ထားပြီး... အမေ့ဆီအရောက်ပြန်ခဲ့သည်၊ ဆေးရုံ အခန်းဝ ၀င်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကို ပူလောင်သွားစေသည်။ ကုတင်ပေါ်မှာ အမေ့ခန္ဓာကိုယ်သည် တစ်ခြမ်း လုံးဝ မလှုပ်နိုင်တော့ပေ၊ တစ်တွတ်တွတ်နဲ့ ပြောနေခဲ့သော နှုတ်ခမ်းများက နှစ်လွှာ၊ နှစ်ချပ် မစေ့နိုင်တော့ပေ၊ သားကိုမြင်တော့ ရွဲ့နေသော နှုတ်ခမ်း၊ မစေ့နိုင်သော နှုတ်ခမ်းများနှင့် မတိတ်နိုင်အောင် ကလေးတစ်ယောက်လို ငိုတော့သည်။ 


ဆေးရုံရောက်ရောက်ချင်း ပထမရက်များသည် ငရဲဆန်သော နေ့ရက်များပင်ဖြစ်တော့သည်၊ အမေက လည်း ရောဂါ ဆက်တိုက်ဖောက်သည်၊ ဘယ်လောက်ပဲ အိပ်ရေးပျက်ပျက်၊ ဘယ်လောက်ပဲ ပင်ပန်းန်း၊  အမေသက်သာရင် ထိုရက်များဟာ ထီပေါက်တာထက် ပျော်ရသည်၊ အမေမသက်သာရင်တော့ အမေ့ထက် ဆယ်ဆမက ကိုယ်က ခံစားနေရသလို ရင်ထဲမှာ ပင်ပန်းလွန်းလှသည်...ထိုရက်များက အမေ့မှာ မသက်သာ သည့် ရက်က များလှသည်၊ နှာခေါင်းပိုက်၊ အောက်ဆီဂျင်ပိုက်၊ ဆေးသွင်းသော ပိုက်များနှင့် ကြည့်ရက်စရာ မရှိပေ၊ ရေတစ်ပေါက်မျိုနိုင်ဘို့ မျက်ရည်ထွက်အောင် အားထုတ်နေရသည်..


အမေက တစ်နေ့ကို သုံးလေးခါရောဂါဖောက်သည်၊ အရှက်သည်းတော့ အိပ်ယာပေါ်လည်း ကျင်ကြီး၊ ကျင်ငယ် စွန့်ခိုင်းလို့ မရပေ၊ အိမ်သာရွေ့ဘို့ ကြိုးစားတော့လည်း ထိတာနဲ့ မောနေသည်...အော် ပင်ပန်းလွန်းလှချေသည်။ ဒီဆင်းရဲတွေ ကိုယ်သာ ပြောင်းပြီး ယူလိုက်ချင်သည်။ အလေးတကာ့ အလေးဆုံး ထဲမှာ ခန္ဓာ့ဝန်ဟာ အလေးဆုံးဆိုတာ အမေ့အဖြစ်အပျက်တွင်မှ ကိုယ်တွေ့ ကြုံ၇တော့သည်။ အမောဖောက်တာများတော့ တစ်နေ့ထဲ ဆရာဝန် သုံးခါပြေးခေါ်မိသည်...ထိုတွင် တာဝန်ကျ ဆရာမ က ပြောတော့သည်...


"...ဦးဇင်းတို့က သိပ်သည်းပြမနေနဲ့...ဖြစ်စရာသုံးခုပဲရှိတယ်...တစ်ခုက ဒီတိုင်း ဖြတ်ခနဲလည်း ဖြစ်သွားနိုင် တယ်၊ နောက်တစ်မျိုးက ဒီလိုပဲ ကုနေရင်း၊ ကုနေရင်းနဲ့ လုံးပါးလည်း ပါးသွားနိုင်တယ်၊ နောက်တစ်ခုက ဒီတိုင်းလေးပဲ ကြာကြာလေးလည်း အသက်ဆက်သွားနိုင်တယ်...ဦးဇင်းတို့က သိပ်သည်းမနေပါနဲ့..." တဲ့...။


အော်...ဒါ မြန်မာနိုင်ငံက ဆေးဝန်ထမ်းတစ်ယောက်ရဲ့ လူနာရှင်အပေါ်ထားတဲ့ စေတနာလား၊ လူနာကို ဒီလိုအားပေးဘို့ ဆေးကျောင်မှာများ သင်ခဲ့ရသလားဆိုတာ သံသယ၀င်မိသည်၊ ဆက်ဆံရေး ပြေပြေပြစ်ပြစ် နဲ့ ဆေးကုသမှု ကောင်းကောင်းလိုချင်လို့ ဒီလို နှစ်ရက်ကို တစ်သိန်းခွဲလောက် ရှင်းနေရတဲ့ ဆေးရုံမျိုး တက်တယ်...ဆိုတာ သူမသိလေရော့သလား....သူလို ဆရာဝန်မျိုးကြောင့် မြန်မာနိုင်ငံမှာ အခြား ဆရာဝန်တွေ စေတနာစော်ကားခံရတာလည်း ပြည်သူ၊ ပြည်သားများရဲ့ အပြစ်မဆိုသာတော့ပေ။



 ဒီလိုနဲ့ပဲ...တစ်ဖြည်းဖြည်း အမေ့ကံကြောင့်ပဲထင်သည် သိသိသာသာ မဟုတ်သော်လည်း အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေနေက လွတ်မြောက်လာတဲ့ အခါမှာတော့ ဆရာဝန်က ခွင့်မပြုချင်သေးသော်လည်း ကိုယ့်အခက်ခဲနဲ့ကိုယ် ခွင့်တောင်း၍ဆေးရုံက ဆင်းခဲ့သည်။ ရွာပြန်ရောက်တဲ့ အခါမှာတော့ ကိုယ်က လုပ်ပေးသင့်တာ လုပ်ပေးလိုက်၊ သင်တန်းတွေ သင်လိုက်နဲ့ပဲ အမေ့နား ကပ်ဖြစ်တဲ့ အချိန်တွေ သိပ်နည်းခဲ့ ပါသည်၊ အစ်မတွေပဲ အမေ့ကို စောင့်ရှောက်ရတာများပါတယ်။


တစ်ဖြေးဖြေးနဲ့ နှစ်စဉ်ပျင်းပမြဲဖြစ်တဲ့ စုပေါင်းရှင်ပြုပွဲရက် နီးလာပါပြီ၊ ဒီနှစ်အလှည့်ကျတာက၊ အမေ့မွေးရပ်၊ ကိုယ့်မွေးရပ်၊ မနှစ်က သူများရွာမှာ လှူခဲ့စဉ်က...အဲဒါ ငါ့သားလေးလှူတာ၊ နောင်နှစ်ကျရင် ငါတို့ရွာမှာ လှူမှာ...ဆိုပြီး ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အမေ၊ ခုတော့ အမျှော်လင့်ကြီး၊ အစောင့်ကြီး စောင့်ခဲ့ရတဲ့ အလှူတော်ဟာ ၀မ်းနည်းစရာများက အပြည့်စောင့်လို့ ကြိုတော့သည်၊ အမေ စကားမပြောနိုင်သေး၊ လမ်းမလျှောက် နိုင်သေးပါ၊ နောက်ဆုံးတော့ အလှူကို မလာတော့ဟု အမေဆုံးဖြတ်ပြီး...သူအလှူမှာ စွန့်ကျဲဘို့ စုထားတဲ့ ပိုက်ဆံလေးတွေကို ပြတဲ့ အချိန်မှာတော့ အားလုံး မျက်ရည်မဆည်နိုင်ကြပေ။ 


ဒီလိုနဲ့ပဲ နွေနေပူပူမှာ အမေမပါပဲ အမေ့စောင့်မျှော်ခဲ့ရတဲ့ အလှူတော်ဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အမေမပါတော့ ပြည့်စုံတဲ့ အလှူလို့တော့ မဆိုနိုင်တော့ပါဘူး...


"နောင်နှစ် လှူရင်တော့ အမေနေကောင်းပြီနော်...အဲဒိကျတော့မှ သွားမယ်သိလား..."


မပီကလာ အသံ၊ မျက်ရည်ပြည့်လျှမ်းတဲ့ မျက်ဝန်း၊ လေးပင်စွာဖြင့် အမေ ခေါင်းညိတ်ရှာသည်...


ပူလွန်းသော နွေရာသီ တစ်ခုပါ၊ အမေ့ကို အိမ်ရှေ့က ကပြင်လေးမှာ ကွက်ပြစ်လေးနဲ့ နေ့ခင်း သိပ် တယ်လေ၊ တစ်နေ့တော့...စာသင်က ပြန်အလာ၊ မောမောရှိတာနဲ့ အမေ့ နားလေး လှဲလိုက်တယ်... အစတော့ ပူလွန်းတာနဲ့ အိပ်မပျော်ဘူး...နောက်တော့ လေလေးက ဖြူးလာတာနဲ့ အိပ်ပျော်သွားတာ.. .တော်တော်ကြာသွားတယ်...စိတ်ထဲမှာတော့ သဘာဝလေလေးကို ကျေးဇူးတင်လို့ပေါ့...ဘယ်နှနာရီ ကြာသွားတယ်တော့ မသိဘူး၊ အိပ်ယာနိုးမှ သိလိုက်၇တာက ...လေတိုက်နေတာမှ မဟုတ်ပဲ.. .ဘေးမှာ မောမောပန်းပန်း အိပ်နေတဲ့ သားကို တစ်ဘက်ပဲ ကောင်းတဲ့ လက်ကလေးနဲ့ အမေ ယပ်ခပ်ပေးနေတာကိုး...အော်...အမေရယ်...


လောကမှာ အသာယာဆုံး အသံဟာ အမေဆိုတဲ့ အသံပါ...ခုတော့ အဝေးကနေ အမေဆိုတဲ့ အသံကြား လိုက်တာနဲ့...


အမေဘာဖြစ်လို့လည်း...


အမေ ဘာဖြစ်ပြီလဲ...စတဲ့ 
လဲပေါင်းများစွာ ရဲ့ ခြောက်လန့် မှုကို ခံနေရတယ်လေ။ အိပ်မက်ထဲမှာ အတွေးထဲမှာ...အခြောက်လှန့်ဆုံး အသံက အမေ...ဆိုတာ ရဲ့ နောက်မှာ ကပ်ပါလာမယ့် တစ်စုံတစ်ရာအတွက် တစ်စက္ကန့်ဟာ တစ်ကမ္ဘာခြားလောက်အောင် ထိတ်လန့်ခြင်းများစွာ.........


အမေ့သား....(13,7,2012, ) 11:20 P.M


ဘ၀ထဲက အိပ်မက်များ...


လူသားတွေရဲ့လက်တွေ့ဘ၀နဲ့ စိတ်ကူးထဲက ဘ၀ဟာ ကွာခြားချင်တိုင်း ကွာခြားနေနိုင်တယ်... ဒီလိုပဲ...စွဲမက်ဖွယ်ဘ၀နဲ့ ၀ါသနာကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဘ၀ဟာလည်း ကွဲလွဲချင်တိုင်း ကွဲလွဲနေနိုင်တယ်... စိတ်ကူးယဉ် ဘ၀ထဲ ပင်လယ်ကမ်းခြေမှာ...မကြာခဏဆိုသလို လမ်းလျှောက်ရင်း... အပန်းဖြေနေတတ်ပေမယ့်...လက်တွေ့ဘ၀မှာတော့ မိုးထဲလေထဲ ချွေးတီးတီး ကျအောင် ရုန်းကန်နေရနိုင်တယ်... စွဲမက်ဖွယ်ဘ၀မှာ...ဥယျာဉ်လေး စိုက်ပျိုးပြီး...အားလပ်ချိန်တိုင်း ကန်ဘောင်ပေါ် အလှစိုက် ပန်းတွေနဲ့ ဝေဖြာနေတဲ့ ရေကန်လေးမှာ ထိုင်ရင်း ထွေရာလေးပါး စကားလေးတွေနဲ့ သာယာ မိန့်မူးနေနိုင်ပေမယ့်... တစ်ကယ့် လက်တွေ့ ဘ၀မှာတော့...မနက် ဈေးချိန်အမှီ ခြံထွက် သီးနှံလေးတွေကို အပြေးအလွှား ပို့ရင်း မကြာခဏ လစ်ဟာနေတတ်တဲ့ ဆန်အိုးထဲကို ငုံ့ကြည့်ရင်း ဆူဆူညံညံအသံတွေဟာ နံနက်ခင်းရဲ့ တေးသံတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်... အိပ်မက်ဆန်တဲ့ ဘ၀မှာ...နိုင်ငံတကာ လှည့်လည်လို့ စူပါမားကက်တွေ အနှံ့ ဈေးဝယ်ထွက်နေနိုင်ပေမယ့်...တစ်ကယ့် ဘ၀မှာတော့ ပြားကပ်နေတဲ့ ဘေးအိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ရင်း လမ်းဘေးက တစ်ခါတစ်ရံ ၀င်နေကျ အာပူရှာပူ ဆိုင်လေးတောင် အသာမျက်စိတ်မှိတ် အံကြိတ်ပြီး ကျော်ဖြတ်ချင် ကျော်ဖြတ်လာရနိုင်တယ်... မိသားစုနဲ့ အတူ အဲကွန်းကားလေး စီးလို့...နိုင်ငံအနှံ့ တစ်နှစ် တစ်ခါ အပန်းဖြေခရီး ထွက်နေနိုင်ခြင်းဟာ တောင့်တရစရာ ဘ၀ဖြစ်ပေမယ့်...လက်တွေ့မှာတော့ ဂျိုးဂျိုးဂျောင်းဂျေားင်း မည်နေတဲ့ မောင်ဗမာ ဘီးလေးစီးလို့ သားကို တစ်ခါ၊ သမီးကိုတစ်လှည့်၊ ကျောင်းကြို ကျောင်းပို့ လုပ်ချင် လုပ်နေရနိုင်တယ်... သို့ပေမယ့်ပေါ့လေ...တစ်ကယ့် လက်တွေ့ဘ၀တွေထဲ ရုန်းကန်ကြိုးစားမှုတွေဟာ စိတ်ကူးထဲက အိပ်မက်တွေ တစ်ကယ် အသက်ဝင် လှုပ်ရှားလာဘို့ အထောက်အကူတွေလည်း ဖြစ်လာနိုင်တာပဲလေ.... ဘ၀ ခဏတာများ...အတွက် စိတ်ကူးပုံဖော်ကြည့်ရင်း တွေးမိတဲ့ အတွေးလေးတွေပါ... ရွှေဘုန်း...(10.7.2012