နွေထက်ပူသော နွေ

"ပူသည်''


"ဒီနွေ တော်တော်ကို ပူပါသည်''



ဧပရယ်နွေသည် ပြင်းပြစူးရှသော နေရောင်ခြည်နှင့် အတူ ဖုန်မှုန့်များ၊ သဲမှုန့်များ၊ ဆူညံသံများရဲ့ အကူအညီ နဲ့ နှစ်ဆသဲကာ ပူချင်တိုင်း ပူနေပါတော့သည်။ ထိုအပူထက် အဆပေါင်း ရာထောင်မက ပူနေသော အပူသည်ကား ရင်ထဲက သောက အပူ၊ အပြင်က အပူနှင့် ရင်က အပူပေါင်းလိုက်သော အခါ လောက သည် နေချင်စဖွယ် မကောင်းတော့ချေ...။ မြင်သမျှသည် မျက်စိထဲမှာ မတင့်တယ်၊ ကြားသမျှသည် နားထဲမှာ အကုန် စူးရှပြင်းထန်လို့ နေသည်။


"ဟောဒီမှာ ပြောင်းဖူးပြုတ် ပူပူလေးရမယ်နော်''...(အော်...ပူရတဲ့ အထဲ) 


"ငုံးဥပြုတ်တွေ၊ ငုံးဥပြုတ်တွေ၊ တစ်ထုပ်ကို ငါးဆယ်၊ အိမ်ရောက်ရင် စားကြည့်၊ မကောင်းရင် ပိုက်ဆံ တစ်ပြားမှ မပေးနဲ့...''


ကြားနေကျ အသံတွေတောင် နားထဲမှာ ကန့်လန့်ဖြစ်လို့နေသည်။


ဟိုင်းဝေးကားရပ်ထားရာ ခပ်လှမ်းလှမ်းက စားသောက်ဆိုင်တွင် လူငါးယောက်ခန့် ဒီလောက်ပူလောင်ရတဲ့ အထဲ သုရာရည်များ သောက်သုံး၍ အသံကျယ်ကျယ်လောင်လောင်ဖြင့် စကားများပြောနေကြသည်၊ ဒီခရီး ဒီလမ်းကို သွားတိုင်း မြင်နေကျပေမယ့် ဒီတစ်ခါတော့ မသတီစရာအဖြစ်မြင်မိသည်၊ အော်...တစ်ကယ်တော့ ကိုယ့်ရဲ့ အတွင်းဓါတ်ခံက မကောင်းဖြစ်နေလေတော့ မြင်သမျှ အပြစ်ကြီး မြင်မိတော့သည်၊ နေရာသည် ကား အဝေးပြေးကားများ ရပ်နားရာ ကားရပ်နားကွင်းဖြစ်လေသည်။


ဒီခရီး၊ ဒီလမ်းကို ထွက်ခဲ့တာသည် တစ်ကယ် မှန်ကန်သော ခရီးတစ်ခုရော...ဟုတ်ရဲ့လား ဆိုတာ ကိုယ့် ကိုယ်ပင် မသေချာချေ၊ ငါ တစ်ကိုယ်ကောင်းဆန်ရာများ ကျနေမလား...အလှူအတွက် စီစဉ်စရာများ ရှိသည် ဟု အကြောင်းပြပြီးထွက်ခဲ့သည်၊ ဒါဟာ တစ်ကယ့်ကို လုံလောက်တဲ့ အကြောင်းပြချက် ဟုတ်ရဲ့လား ဆိုတာ မိမိကိုယ်ပင်မိမိ အာမမခံနိုင်ချေ၊ နောက်ကြောင်းမှာ ကျန်ခဲ့သည်ကား အာရှတော်ဝင် ဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ ရောဂါအခြေနေ မသက်သာသေးတဲ့ ချစ်လှစွာသော အမေ၊ သူနဲ့ အတူ ကိုယ့်လောက် ပင် လည်လည် ၀ယ်ဝယ် မရှိသော အစ်မများ၊ ပြင်းထန်လှသော ဝေဒနာခံစားနေရသည်ကို မကြည့်ရက် လို့  ခေတ္တအကြောင်းပြချက်ဖြင့်များ ထွက်ခွါခဲ့တာလား...ဒါဟာ သူတို့အတွက် တရားပါ့မလား.... ဆိုတာ ကို တွေး မိတိုင်း ကိုယ့်ကိုယ် အားမလို အားမရဖြစ်မိသည်။


ဟိုး..ယခင်က အမြဲမြင်ချင်နေခဲ့သော အမေ့ မျက်နှာ၊ အတော်ဆုံး တေးသံရှင်ရဲ့ အသံထက် သာယာခဲ့သော အမေ့ အသံ...ဒီအသံ ဒီအဆင်းတွေကို မကြားရက် မမြင်ရက်လောက်အောင် ရင်ထဲမှာ ခံနိုင်ရည် မဲ့ခဲ့ပြီလား ...အမေ့အသံကြားတိုင်း၊ အမေ့သတင်းကြားတိုင်း ၀မ်းသာအားရဖြစ်ခဲ့ရသော အဖြစ်တွေပါ၊ ခုတော့ အဝေးမှ အမေလို့ အသံကြားတာနဲ့၊ အမေဘာဖြစ်လို့လဲ၊ အမေ ဘာများဖြစ်သွားပြီလဲ စသော လဲပေါင်းများစွာက တစ်စက္ကန့်တွင်းမှာပင် အကြမ်ပေါင်းများစွာ ထမင်းလုံး တစ္ဆေခြောက်သလို ခြောက်တော့သည်၊ 


"သားလေး အမေ ထွန်တုံးပိတ်မှ တစ်ခါ ထပ်လာခဲ့မယ်နော်..."
ငယ်စဉ် စာသင်သားဘ၀က အမေ့ကို တွေ့တိုင်း...
" အမေဘယ်တော့ လာဦးမလဲ " လို့ မေးရင် အမေက ဒီလိုပဲ ဖြေတတ်သည်။


ထွန်တုံးပိတ်တာ ဘယ်တော့မှန်း မသိပေမယ့် ထွန်တုံးပိတ်ချိန်ကို မျှော်လင့်ခဲ့ရသည်၊ အုံးသီးစားချင်တော့ သူများခူးတာကို ထိုင်စောင့်မိလို့ အပြစ်ပေးခံခဲ့ရစဉ်က ဘာမှမသိပဲ အုံးသီးလေး ပိုက်ပြီး ကျောင်းကို တိုက်တိုက်ဆိုင်ရောက်လာခဲ့ဖူးတဲ့...အမေ၊ ဒီတုန်းက အမေဆိုတာ သားသမီးရဲ့ အဖြစ်အပျက်ကို စိတ်ချင်းဆက်ပြီး သိများနေရော့သလား...လို့ တွေးမိသေးသည်၊ တွေးနေရင်း အမြင်တွေေ၀၀ါးကုန်သည်၊ ယဉ်ရပ်နားရာ စခန်းမှ ကားကြီးရှေ့သို့ ဆက်လက်ထွက်ခွါသည်၊ အတွေးတွေကတော့ ကားနဲ့ ဆန့်ကျင်ဘက် မဝေးသေးတဲ့ အတိတ်ဆီသို့.....


လွန်ခဲ့တဲ့ ဆယ့်ငါးရက်ခန့်...ဘန်ကောက်မြို့ရဲ့ လမ်းမကြီးပေါ်က တက္ကစီပေါ်မှာ ရောက်နေစဉ်...ဖုန်းဝင် လာသည်၊ 


" ဘုန်းဘုန်း တပည့်တော်...ယူအေအီး ကပါဘုရား.."


"ဟုတ်ကဲ့၊ ပြောပါ ဒကာလေး.."


"ဘုန်းဘုန်း၊ မြန်မာ နိုင်ငံက မပန်းအိက ဖုန်းဆက်ပါတဲ့..."


"အော်...ဒကာလေး  ဘုန်းဘုန်းက ခုကားထဲရောက်နေတယ်၊ ပြီးတော့ မြန်မာနိုင်ငံက ဖုန်းလိုင်းလည်း မကောင်းဘူး၊ ဒကာလေး သိရင် ဘာအကြောင်းများလဲ ပြောလိုက်ပါလား..."


"ဟို...ဘုန်းဘုန်း... အမေလေဖြတ်လို့..တဲ့..."


နားထဲမှာ လူတစ်ယောက်ရဲ့ အသံလို့ မထင်လိုက်ပေ၊ နွေလယ်ခေါင် မိုးခြိမ်းသံလို ကြားလိုက်ရသည်။ ဘန်ကောက်မြို့ရဲ့ လမ်းမကြီးသည် ငြိမ့်ညောင်းမှု မရှိတော့ချေ၊ အေးစက်လွန်းတဲ့ ကားအဲကွန်းသည် ချက်ခြင်း ငရဲခန်းထဲရောက်သလို ဖြစ်သွားသည်၊ အလွန်ခေါ်ရခက်သော မြန်မာပြည်ဖုန်းကို သုံးခါတိုင် တိုင် ခေါ်ပြီးမှာတော့ အစ်မနှင့်တွေ့သည်....


"အစ်မ၊ အမေ...ဘာဖြစ်တာလဲ...''


"လေဖြတ်တာ ဦးဇင်း..."


"ခုဘယ်လိုနေလဲ..."


"ခုကတော့ အခြေနေက ဘာမှန်း မသိသေးဘူး..."


"ဟာ...ဆေးရုံသွားကြလေ...ဘာလုပ်နေကြတာလဲ...''
စိုးရိမ်စိတ်နဲ့ အသံက ဒေါသတွေပါကုန်သည်၊ အခက် အခဲတွေ၊ ပညာရေးတွေ အားလုံးပစ်ထားပြီး... အမေ့ဆီအရောက်ပြန်ခဲ့သည်၊ ဆေးရုံ အခန်းဝ ၀င်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကို ပူလောင်သွားစေသည်။ ကုတင်ပေါ်မှာ အမေ့ခန္ဓာကိုယ်သည် တစ်ခြမ်း လုံးဝ မလှုပ်နိုင်တော့ပေ၊ တစ်တွတ်တွတ်နဲ့ ပြောနေခဲ့သော နှုတ်ခမ်းများက နှစ်လွှာ၊ နှစ်ချပ် မစေ့နိုင်တော့ပေ၊ သားကိုမြင်တော့ ရွဲ့နေသော နှုတ်ခမ်း၊ မစေ့နိုင်သော နှုတ်ခမ်းများနှင့် မတိတ်နိုင်အောင် ကလေးတစ်ယောက်လို ငိုတော့သည်။ 


ဆေးရုံရောက်ရောက်ချင်း ပထမရက်များသည် ငရဲဆန်သော နေ့ရက်များပင်ဖြစ်တော့သည်၊ အမေက လည်း ရောဂါ ဆက်တိုက်ဖောက်သည်၊ ဘယ်လောက်ပဲ အိပ်ရေးပျက်ပျက်၊ ဘယ်လောက်ပဲ ပင်ပန်းန်း၊  အမေသက်သာရင် ထိုရက်များဟာ ထီပေါက်တာထက် ပျော်ရသည်၊ အမေမသက်သာရင်တော့ အမေ့ထက် ဆယ်ဆမက ကိုယ်က ခံစားနေရသလို ရင်ထဲမှာ ပင်ပန်းလွန်းလှသည်...ထိုရက်များက အမေ့မှာ မသက်သာ သည့် ရက်က များလှသည်၊ နှာခေါင်းပိုက်၊ အောက်ဆီဂျင်ပိုက်၊ ဆေးသွင်းသော ပိုက်များနှင့် ကြည့်ရက်စရာ မရှိပေ၊ ရေတစ်ပေါက်မျိုနိုင်ဘို့ မျက်ရည်ထွက်အောင် အားထုတ်နေရသည်..


အမေက တစ်နေ့ကို သုံးလေးခါရောဂါဖောက်သည်၊ အရှက်သည်းတော့ အိပ်ယာပေါ်လည်း ကျင်ကြီး၊ ကျင်ငယ် စွန့်ခိုင်းလို့ မရပေ၊ အိမ်သာရွေ့ဘို့ ကြိုးစားတော့လည်း ထိတာနဲ့ မောနေသည်...အော် ပင်ပန်းလွန်းလှချေသည်။ ဒီဆင်းရဲတွေ ကိုယ်သာ ပြောင်းပြီး ယူလိုက်ချင်သည်။ အလေးတကာ့ အလေးဆုံး ထဲမှာ ခန္ဓာ့ဝန်ဟာ အလေးဆုံးဆိုတာ အမေ့အဖြစ်အပျက်တွင်မှ ကိုယ်တွေ့ ကြုံ၇တော့သည်။ အမောဖောက်တာများတော့ တစ်နေ့ထဲ ဆရာဝန် သုံးခါပြေးခေါ်မိသည်...ထိုတွင် တာဝန်ကျ ဆရာမ က ပြောတော့သည်...


"...ဦးဇင်းတို့က သိပ်သည်းပြမနေနဲ့...ဖြစ်စရာသုံးခုပဲရှိတယ်...တစ်ခုက ဒီတိုင်း ဖြတ်ခနဲလည်း ဖြစ်သွားနိုင် တယ်၊ နောက်တစ်မျိုးက ဒီလိုပဲ ကုနေရင်း၊ ကုနေရင်းနဲ့ လုံးပါးလည်း ပါးသွားနိုင်တယ်၊ နောက်တစ်ခုက ဒီတိုင်းလေးပဲ ကြာကြာလေးလည်း အသက်ဆက်သွားနိုင်တယ်...ဦးဇင်းတို့က သိပ်သည်းမနေပါနဲ့..." တဲ့...။


အော်...ဒါ မြန်မာနိုင်ငံက ဆေးဝန်ထမ်းတစ်ယောက်ရဲ့ လူနာရှင်အပေါ်ထားတဲ့ စေတနာလား၊ လူနာကို ဒီလိုအားပေးဘို့ ဆေးကျောင်မှာများ သင်ခဲ့ရသလားဆိုတာ သံသယ၀င်မိသည်၊ ဆက်ဆံရေး ပြေပြေပြစ်ပြစ် နဲ့ ဆေးကုသမှု ကောင်းကောင်းလိုချင်လို့ ဒီလို နှစ်ရက်ကို တစ်သိန်းခွဲလောက် ရှင်းနေရတဲ့ ဆေးရုံမျိုး တက်တယ်...ဆိုတာ သူမသိလေရော့သလား....သူလို ဆရာဝန်မျိုးကြောင့် မြန်မာနိုင်ငံမှာ အခြား ဆရာဝန်တွေ စေတနာစော်ကားခံရတာလည်း ပြည်သူ၊ ပြည်သားများရဲ့ အပြစ်မဆိုသာတော့ပေ။



 ဒီလိုနဲ့ပဲ...တစ်ဖြည်းဖြည်း အမေ့ကံကြောင့်ပဲထင်သည် သိသိသာသာ မဟုတ်သော်လည်း အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေနေက လွတ်မြောက်လာတဲ့ အခါမှာတော့ ဆရာဝန်က ခွင့်မပြုချင်သေးသော်လည်း ကိုယ့်အခက်ခဲနဲ့ကိုယ် ခွင့်တောင်း၍ဆေးရုံက ဆင်းခဲ့သည်။ ရွာပြန်ရောက်တဲ့ အခါမှာတော့ ကိုယ်က လုပ်ပေးသင့်တာ လုပ်ပေးလိုက်၊ သင်တန်းတွေ သင်လိုက်နဲ့ပဲ အမေ့နား ကပ်ဖြစ်တဲ့ အချိန်တွေ သိပ်နည်းခဲ့ ပါသည်၊ အစ်မတွေပဲ အမေ့ကို စောင့်ရှောက်ရတာများပါတယ်။


တစ်ဖြေးဖြေးနဲ့ နှစ်စဉ်ပျင်းပမြဲဖြစ်တဲ့ စုပေါင်းရှင်ပြုပွဲရက် နီးလာပါပြီ၊ ဒီနှစ်အလှည့်ကျတာက၊ အမေ့မွေးရပ်၊ ကိုယ့်မွေးရပ်၊ မနှစ်က သူများရွာမှာ လှူခဲ့စဉ်က...အဲဒါ ငါ့သားလေးလှူတာ၊ နောင်နှစ်ကျရင် ငါတို့ရွာမှာ လှူမှာ...ဆိုပြီး ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အမေ၊ ခုတော့ အမျှော်လင့်ကြီး၊ အစောင့်ကြီး စောင့်ခဲ့ရတဲ့ အလှူတော်ဟာ ၀မ်းနည်းစရာများက အပြည့်စောင့်လို့ ကြိုတော့သည်၊ အမေ စကားမပြောနိုင်သေး၊ လမ်းမလျှောက် နိုင်သေးပါ၊ နောက်ဆုံးတော့ အလှူကို မလာတော့ဟု အမေဆုံးဖြတ်ပြီး...သူအလှူမှာ စွန့်ကျဲဘို့ စုထားတဲ့ ပိုက်ဆံလေးတွေကို ပြတဲ့ အချိန်မှာတော့ အားလုံး မျက်ရည်မဆည်နိုင်ကြပေ။ 


ဒီလိုနဲ့ပဲ နွေနေပူပူမှာ အမေမပါပဲ အမေ့စောင့်မျှော်ခဲ့ရတဲ့ အလှူတော်ဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အမေမပါတော့ ပြည့်စုံတဲ့ အလှူလို့တော့ မဆိုနိုင်တော့ပါဘူး...


"နောင်နှစ် လှူရင်တော့ အမေနေကောင်းပြီနော်...အဲဒိကျတော့မှ သွားမယ်သိလား..."


မပီကလာ အသံ၊ မျက်ရည်ပြည့်လျှမ်းတဲ့ မျက်ဝန်း၊ လေးပင်စွာဖြင့် အမေ ခေါင်းညိတ်ရှာသည်...


ပူလွန်းသော နွေရာသီ တစ်ခုပါ၊ အမေ့ကို အိမ်ရှေ့က ကပြင်လေးမှာ ကွက်ပြစ်လေးနဲ့ နေ့ခင်း သိပ် တယ်လေ၊ တစ်နေ့တော့...စာသင်က ပြန်အလာ၊ မောမောရှိတာနဲ့ အမေ့ နားလေး လှဲလိုက်တယ်... အစတော့ ပူလွန်းတာနဲ့ အိပ်မပျော်ဘူး...နောက်တော့ လေလေးက ဖြူးလာတာနဲ့ အိပ်ပျော်သွားတာ.. .တော်တော်ကြာသွားတယ်...စိတ်ထဲမှာတော့ သဘာဝလေလေးကို ကျေးဇူးတင်လို့ပေါ့...ဘယ်နှနာရီ ကြာသွားတယ်တော့ မသိဘူး၊ အိပ်ယာနိုးမှ သိလိုက်၇တာက ...လေတိုက်နေတာမှ မဟုတ်ပဲ.. .ဘေးမှာ မောမောပန်းပန်း အိပ်နေတဲ့ သားကို တစ်ဘက်ပဲ ကောင်းတဲ့ လက်ကလေးနဲ့ အမေ ယပ်ခပ်ပေးနေတာကိုး...အော်...အမေရယ်...


လောကမှာ အသာယာဆုံး အသံဟာ အမေဆိုတဲ့ အသံပါ...ခုတော့ အဝေးကနေ အမေဆိုတဲ့ အသံကြား လိုက်တာနဲ့...


အမေဘာဖြစ်လို့လည်း...


အမေ ဘာဖြစ်ပြီလဲ...စတဲ့ 
လဲပေါင်းများစွာ ရဲ့ ခြောက်လန့် မှုကို ခံနေရတယ်လေ။ အိပ်မက်ထဲမှာ အတွေးထဲမှာ...အခြောက်လှန့်ဆုံး အသံက အမေ...ဆိုတာ ရဲ့ နောက်မှာ ကပ်ပါလာမယ့် တစ်စုံတစ်ရာအတွက် တစ်စက္ကန့်ဟာ တစ်ကမ္ဘာခြားလောက်အောင် ထိတ်လန့်ခြင်းများစွာ.........


အမေ့သား....(13,7,2012, ) 11:20 P.M


1 comment:

  1. ထပ်တူခံစားမိပါတယ်....ဘုရား...

    ReplyDelete